
၅.၂.၂၀၂၅.
Translated by Htwe Ko Tun
ဆွီဒင်နိုင်ငံ၊ အော်ရီဘရိုမြို့ရဲ့ မြို့စွန်မြို့ဖျားဒေသရှိသက်ကြီးပညာရေးစာသင်စခန်းတစ်ခုမှာ သေနတ် သမားတစ်ဦးက ဇန်နဝါရီလ ၄ ရက်မှာ ပစ်ခတ်မှုတစ်ခုပြုလုပ်ခဲ့ရာ သေနတ်သမားအပါအဝင် အနည်းဆုံး လူဆယ်ဦးသေဆုံးခဲ့ရပြီး နိုင်ငံရဲ့ အဆိုးဝါးဆုံးသောလူအစုလိုက်အပြုံလိုက်ပစ်ခတ်မှုအဖြစ် ဝန်ကြီးချုပ် Ulf Kristersson က ပြောကြားခဲ့ပါတယ်။
ဒါပေမယ့် စုစုပေါင်းမှာ နောက်ဆုံးသေဆုံးသူ၊ ဒဏ်ရာရရှိသူ အရေအတွက်အတိအကျနဲ့ ပစ်ခတ်မှုရဲ့ အကြောင်းရင်းတို့ကို မပြောနိုင်သေးပါဘူး။
အော်ရီဘရိုမြို့က မြို့တော် စတော့ဟုမ်းရဲ့ အနောက်ဘက် ကီလိုမီတာ ၂၀၀ (၁၂၅ မိုင်) အကွာမှာ ရှိတာပါ။ သက်ကြီးစာသင်ကျောင်းရဲ့ နာမည်က Campus Risbergska လို့ခေါ်ပြီး အသက် ၂၀ ကျော် ပညာသင်ကြားလိုသူတွေအတွက် ဖွင့်လှစ်ထားတာပါ။ မူလတန်းနဲ့အလယ်တန်းသင်ရိုး အတန်းတွေအပြင် ဆွီဒင်ဘာသာအတန်းများလည်း ပြောင်းရွှေ့နေထိုင်သူတွေအတွက်ရှိပါတယ်။ ဒါ့အပြင် သက်မွေးဝမ်းကြောင်းပညာရပ်တွေလေ့ကျင့်ပေးမှုနဲ့ အသိဉာဏ်ချို့တဲ့သူတွေအတွက် အစီအစဉ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

ဝန်ကြီးချုပ် Ulf Kristersson က အပြစ်မဲ့ပြည်သူတွေကို ရက်စက်ကြမ်းကြုတ်ပြီး သတ်ဖြတ်အကြမ်းဖက်ခဲ့မှု ဒီနေ့မှာ ဖြစ်ပွားခဲ့တယ်လို့ ပြောခဲ့ပါတယ်။ သူက “ဒါဟာဆွီဒင်နိုင်ငံသမိုင်းမှာ အဆိုးဝါးဆုံး လူအစုလိုက်အပြုံလိုက် ပစ်ခတ်သတ်ဖြတ်မှုတစ်ရပ်ပဲ၊ ကျွန်တော့်အနေနဲ့မေးခွန်းအတော်များများကို လက်ရှိမှာ မဖြေကြားနိုင်သေးဘူး” လို့ သတင်းစာရှင်းပွဲမှာပြောခဲ့ပါတယ်။
ဝန်ကြီးချုပ်က ဆက်လက်ပြီး “ဒီအကြမ်းဖက်မှု ဘာကြောင့်ဖြစ်ရတယ်ဆိုတာ နောက်ကွယ်မှာရှိမှာပါ။ ဒါကို မဖော်ထုတ်နိုင်သေးခင် ကျွန်တော့်ကို ခန့်မှန်းပြောကြားဖို့မပြုလုပ်ကြပါ့နဲ့” လို့လည်း ပြောသွားခဲ့ပါတယ်။။
ဆွီဒင်နိုင်ငံမှာ လက်နက်နဲ့ကျောင်းတွေမှာ အကြမ်းဖက်မှုက အလွန်ဖြစ်ခဲလှတဲ့ အမှုဖြစ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တွေအတွင်း ဓား၊ ဒါမှမဟုတ် ပုဆိန်စတာတွေနဲ့ အကြမ်းဖက်မှုကြောင့် တချို့ ဒဏ်ရာရပြီး တချို့လည်းသေဆုံးခဲ့ရပါတယ်။
ဒီအကြမ်းဖက်ပစ်ခတ်မှုက ဥရောပတိုက်တစ်ခွင်မှာလည်း တုန်လှုပ်ချောက်ချားစေခဲ့ပါတယ်။ ရဲတပ်ဖွဲ့က တော့ သေဆုံးသူဦးရေက တိုးလာနိုင်သေးတယ်လို့ ပြောခဲ့ပါတယ်။
REF – AP
