
ဖြိုးဝေ
၅. ၂. ၂၀၂၅
အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုတွေနဲ့ တစ်ကျော့ပြန်လှုပ်ခတ်လာတဲ့ ဒီရက်သတ္တပတ်ဟာ ကိုဗစ်ကပ်ကလွတ်လာအပြီး ကမ္ဘာစစ်ဖြစ်နိုင်တဲ့ အန္တရာယ်တွေနဲ့ အကဲမရချိန်မှာ ကုန်သွယ်ရေးစစ်ပွဲကို တစ်ကျော့ပြန်ကြုံရမယ့်အခြေအနေမို့လို့ ကမ္ဘာ့နိုင်ငံတွေအကြား ရိုက်ခတ်မှုဖြစ်လာချိန်မှာ ကာလရှည်စစ်ပွဲကို ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံအဖို့က ကောင်းကွက်ထွက်တဲ့ စီးပွားရေးရယ်လို့ မရှိဘဲ ပြီးခဲ့တဲ့ ဇန်နဝါရီလတစ်လလုံးမှ ကုန်ထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှုကဏ္ဍဆီ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၆ သန်းကျော်သာ ဝင်ရောက်ခဲ့တာကို တွေ့ရပါတယ်။
အခြားတစ်ဖက်မှာလည်း ၂၀၂၄ ခုနှစ်အတွင်း ဌာနဆိုင်ရာ၊ အခြေခံပြည်သူနဲ့ ရေဘေးသင့်ပြည်သူတွေထံ ပို့ကုန်အခြေပြုအရန်ဆန်က ဆန်အိတ်ရေ ၂ သိန်းနီးပါးအထိ ထုတ်ရောင်းပေးထားတာ၊ လက်ရှိဘဏ္ဍာနှစ် ကုန်သွယ်မှုပမာဏ လျာထားချက် ပြည့်မီအောင် တွန်းအားပေးဆောင်ရွက်ဖို့ အထူးလိုအပ်တယ်လို့ ဗိုလ်ချုပ်ကြီးမြထွန်းဦး ပြောကြားလာတာ၊ မြန်မာနိုင်ငံအတွင်း ပြတ်လပ်နေတဲ့ ဘိလပ်မြေ ပြန်လည်တင်သွင်းလာတာ၊ ဆောင်ရွက်လက်စ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်စီမံကိန်းတွေ အမြန်ဆုံးအကောင်အထည်ဖော်ဖို့ ညွှန်ကြားလာတာ၊ ထုတ်လုပ်ရေးစရိတ်မြင့်တက်ခဲ့သလို ဝယ်လိုအားကျဆင်းလာမှုတို့ကြောင့် ၂၀၂၅ ခုနှစ်အစမှာ မြန်မာ့ကုန်ထုတ်လုပ်မှု ပြန်ကျဆင်းခဲ့တယ်ဆိုတဲ့ ဖြစ်စဉ်တွေအပြင် ပင်လယ်ဓားပြအသွင်ပါဖြစ်လာတဲ့ အကြမ်းဖက်လက်နက်ကိုင် AA က မမှန်မကန် စွပ်စွဲဖမ်းဆီးထားတဲ့ ရခိုင်ကုန်သည်ကြီး ဦးကျောက်တောင်ရဲ့ ကုန်တင်သင်္ဘောကို ပြန်လွှတ်ပေးလိုက်ရတာ စတဲ့ဖြစ်စဉ်တွေရှိခဲ့ပေမဲ့ ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက်အဖြစ် တရုတ်ကျားဖြန့်တွေ မထောက်ခံဘူးလို့ပြောနေ ငြင်းနေရင်းက ကျားဖြန့်တွေဆီ အမြတ်တင်ပြီး လျှပ်စစ်ရောင်းချနေတာ ပေါ်သွားလို့ ဖြတ်တောက်ပေးလိုက်ရတာကြောင့် ထိုင်းကတစ်လ ဘတ်သန်း ၅၀ လောက် ဆုံးရှုံးသွားတယ်ဆိုတာတွေ၊ စည်းကမ်းမဲ့ မြန်မာလုပ်သားတွေကို စင်ကာပူက လက်မခံတော့တဲ့အပြင် ပြန်ပို့မယ်ဆိုတာတွေ အပြင် မြန်မာနိုင်ငံက ဖွံ့ဖြိုးတိုးတက်မှုကျဆင်းပြီး မူဝါဒအကျပ်အတည်းတွေနဲ့ ပိတ်မိနေတယ်ဆိုတဲ့အကြောင်းတွေကို သုံးသပ်ချင်ပါတယ်။
◾ မြန်မာဘက်ခြမ်းကို လျှပ်စစ်ဖြတ်တောက်လို့ လစဉ် ဘတ်သန်း ၅၀ လောက် ဆုံးရှုံးသွားတဲ့ ထိုင်း
မြန်မာဘက်ခြမ်းက တရုတ်ကျားဖြန့်ဂိုဏ်းတွေဟာ ထိုင်းနိုင်ငံက လျှပ်စစ်နဲ့ အင်တာနက်ကို အသုံးပြုနေတယ်လို့ စွပ်စွဲမှုတွေကို ကနဦးမှာ ငြင်းဆိုပြီး ငြင်းဆိုမရချိန်ကြမှ အစိုးရအဖွဲ့အစည်းအဝေးလုပ်ရသလို နိုင်ငံတော်လုံခြုံရေးခြိမ်းခြောက်မှုဖြစ်စေတယ်ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ထိုင်းအစိုးရဟာ မြန်မာနိုင်ငံဘက်ခြမ်း ဘုရားသုံးဆူ၊ တာချီလိတ်နဲ့ မြ၀တီဒေသက နေရာငါးခုကို လျှပ်စစ်မီးပေးနေတာကို ဖြတ်တောက်လိုက်တဲ့အပြင် အင်တာနက်ပါ ဖြတ်တောက်လိုက်ပြီး မြန်မာနယ်စပ်တစ်လျှောက် စစ်တပ်ပါ ဖြန့်ချမှုကို ဒီနေ့ စတင်ခဲ့ပါတယ်။
ထိုင်းဝန်ကြီးချုပ်ပေတုံတန်ရဲ့ တရုတ်သမ္မတနဲ့ တွေ့ဆုံမယ့် ဖေဖော်ဝါရီ ၅ ရက်ကနေ ၈ ရက် ခရီးစဉ်မတိုင်ခင် မြန်မာဘက်က တရုတ်ကျားဖြန့်ဂိုဏ်းတွေအဖို့ အရေးပါတဲ့ လျှပ်စစ်နဲ့ အင်တာနက် ဖြတ်ချလိုက်တာပါ။ ဒီငါးခုမှာ မြပန်းရင်းနှီးမြှုပ်နှံမှုကုမ္ပဏီက မွန်ပြည်နယ် ဘုရားသုံးဆူ၊ Allure Group (P&E) က မိုင်းတုံ-တာချီလိတ်မြို့နယ်နဲ့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတား( တာချီလိတ်)၊ Nyi Naung Oo Co., Ltd. & Enova Grid Enterprise (Myanmar) Co., Ltd က ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် ၂ (မြဝတီ) နဲ့ ရွှေမြစ်သောင်ရင်း စက်မှုကုန်ထုတ်လုပ်ငန်း ကုမ္ပဏီလီမိတက်က ကရင်ပြည်နယ် မြဝတီဒေသတို့ကို ထိုင်းဘက်က လျှပ်စစ်မီးရောင်းချပေးနေမှုအားလုံးကလည်း ကျားဖြန့်တွေနဲ့ ဆက်နွှယ်နေတယ်လို့ ထိုင်းဘက်က မှတ်ချက်ယူခဲ့သလို ဒီလိုဖြတ်တောက်မှုကိုလည်း မြန်မာအစိုးရကို အကြောင်းကြားမှာဖြစ်တဲ့အပြင် ရာဇဝတ်ဂိုဏ်းတွေက သုံးနေတာကြောင့် လျှပ်စစ်မီးဖြတ်တောက်တာဖြစ်လို့ မြန်မာအစိုးရက တုံ့ပြန်မှာကို ပူပန်စရာမလိုဘူးလို့လည်း ပေတုံတန်က ပြောခဲ့ပါသေးတယ်။ ဒါပေမဲ့လည်း လက်ရှိမှာတော့ ကမ္ဘာပတ်လိမ်နေတဲ့ ကျားဖြန့်တွေက အခက်အခဲမရှိ ကိုယ်ပိုင်မီးစက်ကြီးတွေနဲ့ လုပ်ငန်းလည်ပတ် ဆက်လိမ်နေသလို တာချီလိတ်လို ကြွယ်၀သူများတဲ့နေရာကလည်း လာအိုက ဝယ်ဖို့နဲ့ မီးရဖို့ ပူစရာမလိုတဲ့အသွင်မြင်ရပြီး ခက်ခဲကုန်တာက မြ၀တီနဲ့ ဘုရားသုံးဆူက သာမန်ပြည်သူတွေပါ။ သေချာတာက ကျားဖြန့်တွေနဲ့ နာမည်ပျက်ရာ ရွှေကုက္ကိုလ်လို၊ KNU ရဲ့ ကျားဖြန့် KK Park လိုနေရာတွေက ကျားဖြန့်ဂိုဏ်းတွေ အမြစ်မဖြတ်နိုင်ဘဲ ပြဿနာဇစ်မြစ်ကို မရှင်းဘဲ ထိုင်းက လစဉ် ဘတ် သန်း ၅၀ ဝင်ငွေအကျခံပြီး မီးနဲ့ အင်တာနက် ဖြတ်ပြနိုင်ရုံနဲ့ မြန်မာနိုင်ငံကို နာမည်ပျက်စေတဲ့ ကျားဖြန့်အရေးက ပြေလည်သွားမှာ မဟုတ်သလို တရုတ်ဦးဆောင်တဲ့ ဇင်ယော်အပိုင်း (၂) ကလည်း ဆက်လာနေမှာဖြစ်လို့ အဓိကကျတဲ့ ကျားဖြန့်ဂိုဏ်းတွေကို အခုထက်ပို ထိထိရောက်ရောက် အမြစ်ဖြတ်ဖို့ လိုအပ်မှာပါ။
◾ စင်ကာပူက ပြန်ပို့မယ့်အပြင် ထပ်မခေါ်ဖို့ ပိတ်ပင်လာတဲ့ စည်းကမ်းမဲ့ မြန်မာလုပ်သား
စည်းနဲ့ ကမ်းနဲ့ မနေတတ်ဘဲ ပညာအားနည်းတဲ့ မြန်မာရွှေ့ပြောင်းလုပ်သားတွေဟာ နိုင်ငံတကာမှာ မျက်နှာငယ်ရအောင် မကြာခဏအရှက်ခွဲလေ့ရှိတတ်ပြီး ကိုရီးယားက မြန်မာတွေ အနေများတဲ့ ဘူဖျောင်းမြို့ဆိုရင် ဘူဖျောင်း စာတိုက်ဘေးလမ်းဟာ မြန်မာတွေ အထွေးများတဲ့ ကွမ်းသွေးတွေကြောင့် လမ်းနီလေးလို့ ရှုတ်ချအမည်ပေးခံရ၊ ထိုင်းနိုင်ငံဆိုလည်း ရမ်းကားလာတဲ့ မြန်မာရွှေ့ပြောင်းတွေကြောင့် မြန်မာလို သတိပေးစာကပ်ရပြီး မြန်မာလုပ်သား သိန်းချီ ဖမ်းဆီးအရေးယူရဖြစ်နေတာကို ထပ်ဆင့် မီးမောင်းထိုးလာတာက စင်ကာပူပါ။ ပြီးခဲ့တဲ့ နှစ်ပိုင်းကစ စင်ကာပူမှာ မြန်မာလုပ်သားတွေဟာ ပိတ်ရက်တွေမှာ အုပ်စုဖွဲ့ပြီး အများပြည်သူဆိုင်ရာနေရာတွေမှာ ဂစ်တာတီး၊ သီချင်းဆို၊ သောက်စားမူးရူးရမ်းကားတာတွေ၊ ရန်ဖြစ်တာတွေကြောင့် ရှုတ်ချခံနေရမှုဟာ ဒီကာလအတွင်းမှာတော့ အုံနဲ့ကျင်းနဲ့ စည်းကမ်းမဲ့ သောင်း ကျန်းနေတဲ့ မြန်မာလုပ်သားတွေရဲ့ ရုပ်သံတွေ လူမှုကွန်ရက်မှာ ပိုမိုထွက်ပေါ်လာတာကြောင့် စင်ကာပူအစိုးရက မြန်မာပြည်တွင်းပဋိပက္ခ၊ စစ်အုပ်ချုပ်ရေးနယ်မြေတိုးမြှင့်သတ်မှတ်တာ၊ ခရီးသွားလာမှုကန့်သတ်ချက်တွေနဲ့ အရေးပေါ်အခြေအနေတွေ စတာတွေကို အကြောင်းပြချက်ပေးပြီး အေဂျင်စီတွေကို လုပ်ငန်းခံနိုင်ရည်ရှိဖို့နဲ့ ဆက်လက်လည်ပတ်ဖို့ မြန်မာလုပ်သားတွေ မခေါ်ဖို့အပြင် ပြန်ပို့ဖို့ပါ စီစဉ်လာတာ မြင်ရပါတယ်။
တကယ်တော့ စင်ကာပူရောက် မြန်မာလုပ်သားတွေဟာ မြန်မာ့ပြည်တွင်းလက်နက်ကိုင်စစ်ပွဲတွေကို အဓွန့်ရှည်စေတဲ့ NUG နဲ့ PDF တွေကို အများဆုံး ထောက်ပို့နေကြသူတွေ ဖြစ်သလို အွန်လိုင်းပေါ်မှာ ကီးဘုတ်ဖိုက်တာအဖြစ် သွေးထိုးလှုံ့ဆော်သူတွေ အများဆုံး အခြေပြုရာနိုင်ငံလည်းဖြစ်ပါတယ်။ စင်ကာပူရောက် မြန်မာလုပ်သားတွေရဲ့ NUG နဲ့ PDF တွေကို ထောက်ပို့မှုတွေဟာ လုပ်တတ်ကိုင်တတ်မယ်ဆိုရင် အပြည်ပြည်ဆိုင်ရာ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့ (FATF) ရဲ့ ကန့်သတ်ချက်တွေဖြစ်တဲ့ အကြမ်းဖက်မှုကို ငွေကြေး ထောက်ပံ့မှုတိုက်ဖျက်ရေး (Countering the Financing of Terrorism-CFT) နဲ့ လူအများအပြား သေကျေစေနိုင်တဲ့ လက်နက်များပြန့်ပွားစေရေး ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူဆောင်ရွက်ရေး (Targeted Financial Sanction of Proliferation) စတဲ့ အချက်တွေနဲ့လည်း ငြိစွန်းကြောင်း သက်သေပြနိုင်တာတွေမို့လို့ စင်ကာပူဟာ အသိဉာဏ်နိမ့်ပြီး ဇောင်းကြွတဲ့ မြန်မာလုပ်သားတွေကို နှစ်လိုမှုမရှိတော့တဲ့ပုံစံ ပြလာတာပါ။ ဒီလိုမျိုး လုပ်ရပ်ကို ၂၀၁၉ ခုနှစ်တုန်းကလည်း မြင်ရပြီး စင်ကာပူအစိုးရဟာ အဲဒီအချိန် မြန်မာအစိုးရက အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ AA ကို ထောက်ပံ့နေတဲ့ စင်ကာပူရောက် ရခိုင်လုပ်သားတွေကို ဖမ်းဆီးတာ၊ ပြန်ပို့တာတွေ လုပ်ပေးခဲ့သလို အဲဒီအချိန်တုန်းက ဖမ်းဆီးပြန်ပို့ခံရတဲ့အထဲမှာ AA ခေါင်းဆောင် ထွန်းမြတ်နိုင်ရဲ့ ညီ ကိုအောင်မြတ်ကျော်တို့ ရခိုင်အသင်း (စင်ကာပူ)က ရခိုင်လုပ်သားအများစုကို ပြည်နှင်ဒဏ်ပေး ပြန်ပို့ခဲ့ တရားစွဲခဲ့သေးတာပါ။ အခုဖြစ်ရပ်ဟာလည်း AA ကို ထောက်ပံ့တဲ့ စင်ကာပူရောက် ရခိုင်လုပ်သားတွေကို ဖမ်းဆီး ပြည်နှင်ဒဏ်ပေးတဲ့ဖြစ်စဉ်နဲ့ ထပ်တူပဲဖြစ်ပြီး နိုင်ငံတကာ ဖိအားကျလာမှာစိုးလို့ မြန်မာလုပ်သားတွေကို မခေါ်တော့ကြောင်း တိုက်ရိုက်မဖော်ပြပေမဲ့ NUG နဲ့ PDF ကို ထောက်ပို့လမ်းကြောင်းမှာ စင်ကာပူက ကြားခံနေတာကို လျှော့ချတဲ့အသွင်ဖြစ်လို့ ပြန်ပို့ခံရတဲ့သူတွေဟာလည်း အစိုးရရဲ့ စိစစ်မှုခံယူရမယ့် အခြေအနေကို မြင်လာရပါတယ်။
◾ ဖွံ့ဖြိုးတိုးတက်မှု ကျဆင်းလာတဲ့ နိုင်ငံတော်
နိုင်ငံရေးအာဏာအငြင်းပွားမှုတွေ ဖြစ်လာခဲ့ပြီးနောက် လေးနှစ်ကျော်ကာလအတွင်း မြန်မာနိုင်ငံဟာ စီးပွား ရေးပြိုလဲမှု၊ ပဋိပက္ခပိုမိုပြင်းထန်လာမှု၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ အန္တရာယ်တွေနဲ့ ဆင်းရဲမွဲတေမှု နက်ရှိုင်းလာမှုတွေကြောင့် မကြုံစဖူးတဲ့ “ပေါ်လစီအကျပ်အတည်း” နဲ့ ရင်ဆိုင်နေရတယ်လို့ ကုလသမဂ္ဂဖွံဖြိုးမှုအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာသစ်အရ သိရပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ ထက်ဝက်နီးပါးဟာ ဆင်းရဲမွဲတေမှုမျဉ်းအောက် နေထိုင်နေရတာ၊ မရှိမဖြစ်လိုအပ်တဲ့ ဝန်ဆောင်မှုတွေ ပြိုလဲတာနဲ့ စီးပွားရေး ဝရုန်းသုန်း ကား ဖြစ်နေတဲ့ နိုင်ငံတစ်နိုင်ငံရဲ့ တုန်လှုပ်ချောက်ချားဖွယ် ပုံရိပ်ကို ညွှန်ပြနေသလို နိုင်ငံရေးအရ ပြေလည်မှု မရလို့ အကျပ်အတည်းက လာမဲ့နှစ်မှာ ပိုမိုဆိုးရွားလာဖို့ မျှော်လင့်ရတယ်လို ကုလသမဂ္ဂက ပြောပါတယ်။ ၂၀၂၀ ပြည့်နှစ်က စတင်ပြီး မြန်မာ့ပြည်တွင်းအသား တင်ထုတ်ကုန် (GDP) က မျှော်လင့်သလောက် ကောင်း မွန်တိုးတက်လာခြင်းမရှိဘဲ လက်ရှိအချိန်မှာ ကျဆင်းနေသလို ငွေကြေးဖောင်းပွမှုက ၂၀၂၄ ခုနှစ်မှာ ၂၅ ဒသမ ၄ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့လို့ အိမ်ထောင်စုဝယ်ယူမှုစွမ်းအားကို ပိုမိုကျဆင်းစေခဲ့တဲ့အပြင် ကုန်သွယ်မှုလိုငွေကလည်း နိုင်ငံ့ GDP ရဲ့ ၂ ဒသမ ၂ ရာခိုင်နှုန်းအထိ မြင့်တက်လာတယ်လို ဖော်ပြထားပါတယ်။ ငွေကြေးခဝါချမှုနဲ့ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတို့ကို တိုက်ဖျက်ဖို့ ပျက်ကွက်တာကြောင့် မြန်မာနိုင်ငံကို FATF က အမည်ပျက်စာရင်းသွင်းထားတာကြောင့် စီးပွားရေးအခြေအနေ ပိုမိုဆိုးရွားလာခဲ့တဲ့အပြင် မြန်မာနိုင်ငံဟာ တရားမဝင်စီးပွားရေး ဖွံ့ဖြိုးလာပြီး ကမ္ဘာ့နိုင်ငံတွေထဲ ဘိန်းဖြူနဲ့ မက်သာဖက်တမင်း အများဆုံးထုတ်လုပ်တဲ့ နိုင်ငံဖြစ်လာခဲ့ပါတယ်။ ဒါ့အပြင် နှစ်စဉ်ဒေါ်လာဘီလျံချီတန်ဖိုးရှိတဲ့ ကျောက်စိမ်းလုပ်ငန်းဟာ စည်းကမ်းမဲ့ ဆက်လက်တည်ရှိနေကာ အကျင့်ပျက်ခြစားမှုနဲ့ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုကို ဖြစ်ပေါ်စေခဲ့သလို တရားမဝင် လောင်းကစားမှု၊ လူကုန်ကူးမှုနဲ့ လိမ်လည်လှည့်ဖြားမှု လုပ်ငန်းတွေဟာ နိုင်ငံရဲ့ ထူထပ်တဲ့ နယ်နိမိတ်တစ်လျှောက် ထွန်းကားလာခဲ့တယ်လို့လည်း UNDP က ပြောပါတယ်။
ဒီလိုကျဆင်းမှုနဲ့ ပတ်သက်လို့ သိသာတဲ့အချက်တစ်ခုက စင်ကာပူဟာ သူ့နိုင်ငံက ငွေလွှဲပြောင်းမှု Transactions တွေမှာ NUG ၊ PDF နဲ့ EAO တွေ လက်နက်မှောင်ခိုပြုရာ ထိုင်းနိုင်ငံဆီ ငွေစီးဆင်းမှုဖြတ်တောက်တာမျိုးကို တားဆီးဖို့ မြန်မာလုပ်သားတွေ ပြန်ပို့ဖို့ ထပ်မခေါ်ဖို့ကြံဆောင်တာမျိုး မြန်မာအစိုးရဘက်က ဒီလေးနှစ်အတွင်း တစ်ကြိမ်မှလုပ်ဆောင်၊ တောင်းဆို၊ ရှင်းပြတာ မမြင်ရဘဲ FATF လို အဖွဲ့အစည်းတွေရဲ့ ဖိအားကို တခြားနည်းနဲ့ ရင်ဆိုင်လို့ အဆင်မပြေလာတာတွေ မြင်ရပါတယ်။ တစ်ခါ အရင် တစ်ဒေါ်လာ ၁၀၀၀ ကျပ် ဝန်းကျင်မှာ တစ်ပြား ၅၀၀၀ လောက်ရှိတဲ့ မူးယစ်ဆေးဟာ အခု တစ်ဒေါ်လာ ၅၀၀၀ လောက်မှာ တစ်ပြား ကျပ် ၁၀၀၀ လောက်ပဲရှိတော့တဲ့အထိ ပေါများလာလို့ စျေး ပြောင်းပြန်ကျဆင်းသွားသလို ကျောက်စိမ်းနဲ့ မြေရှားကို KIA၊ ပတ္တမြားမြေကို TNLA၊ သစ်နဲ့ ကုန်းတွင်းရေနံလုပ်ကွက်တွေကို PDF စတာတွေက ထိန်းချုပ်သွားတာ တွေ့ရပါတယ်။ ဒီလို သယံဇာတနေရာမရတဲ့ AA နဲ့ တခြားလက်နက်ကိုင်တွေကတော့ မူးယစ်ဆေးနဲ့ ဆက်ကြေးတောင်းတာ၊ ဖောက်ထွင်းလုယက်ပြန်ပေးဆွဲတာတွေက စစ်အသုံးစရိတ်ရှာကြပါတယ်။ တစ်ဖက်မှာလည်း FDI တွေ ပြန်ထွက်အောင်၊ FDI တွေ မဝင်အောင်၊ ကုန်စျေးနှုန်းကမောက်ကလုပ်ပြီး အစိုးရပြုတ်ကျအောင် လုပ်ဆောင်တာတွေကြောင့် မြန်မာ့အခြေအနေက ရွေးကောက်ပွဲမဖြစ်သရွေ့ လှုပ်လေမြုပ်လေဖြစ်နေမှာအတိအကျ ဖြစ်သလို ဒီအခြေအနေဆိုးကလည်း ရွေးကောက်ပွဲလုပ်ပြီးလို့ ကမ္ဘာက လွှတ်တော်ကို အသိအမှတ်ပြုလာချိန်၊ ထွက်ပေါ်လာမယ့် လွှတ်တော်ကိုယ်စားလှယ် ၅၀၀ လောက်ရဲ့ အသံတွေနဲ့ စစ်ဘောင်ကျယ်နေတာကို ကျဉ်းအောင်၊ နိုင်ငံရေးစကားဝိုင်းဆီ ဆွဲခေါ်နိုင်ချိန် ၂၀၂၇ လောက်မှ တည်ငြိမ်ဖို့ ခန့်မှန်းရသလို ဒါကလည်း ၂၀၂၅ အကုန်ပိုင်းနဲ့ ၂၀၂၆ နှစ်ဆန်းပိုင်းမှာ ရွေးကောက်ပွဲလုပ်ပြီး အာဏာအမှန်တကယ်လွှဲပြောင်းပေးမှ မြင်ရမယ့် အခင်းအကျင်းသာဖြစ်ပြီး ရွေးကောက်ပွဲနောက်ဆုတ်လေ မြန်မာ့ဆုတ်ယုတ်ပျက်စီးမှု ပိုဆိုးလေဖြစ်လာမှာမို့ UNDP ပြောဆိုမှုက မမှားပါဘူးလို့ သုံးသပ်တင်ပြရင်း ဒီတစ်ပတ်ရဲ့ စီးပွားရေးသုံးသပ်ချက် ရပ်နားပါရစေ။
