
၄.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စုက တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ သွင်းကုန်များအပေါ် စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမယ့်အမိန့်ကို ဖေဖော်ဝါရီ ၁ ရက်မှာ အမေရိကန်သမ္မတဒေါ်နယ်ထရန့်က လက်မှတ်ထိုးခဲ့ပြီးနောက် တရုတ်အစိုးရကလည်း အမေရိကန်ပြည်ထောင်စုမှတင်သွင်းတဲ့ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့ရည်တို့ကို ကုန်သွယ်စည်းကြပ်ခွန် ၁၅ ရာခိုင်နှုန်းပြန်လည် ကောက်ခံသွားမယ်လို့ တုံ့ပြန်ပြောကြားခဲ့ပါတယ်။
တရုတ်ဘဏ္ဍာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၄ ရက်မှာ ကြေညာချက်ထုတ်ခဲ့ရာမှာတော့ အမေရိကန်နိုင်ငံမှ တင်သွင်းတဲ့ ရေနံစိမ်း၊ စိုက်ပျိုးရေးစက်ပစ္စည်း၊ အမှိုက်ပစ္စည်းမျိုးစုံဖယ်ရှားရေးအတွက် ယာဉ်ကြီးတွေနဲ့ နောက်တွဲပါ ထရပ်ကားတွေကို ကုန်သွယ်စည်းကြပ်ခွန် ၁၀ ရာခိုင်နှုန်းကောက်ခံမယ်လို့ ဖော်ပြခဲ့ပါတယ်။
တရုတ်အစိုးရက အမေရိကန်အစိုးရအနေနဲ့ နှစ်နိုင်ငံကုန်သွယ်ရေးမှာ တစ်ဖက်သတ် ကုန်သွယ်မှုအတားအဆီးတွေ ပြုခဲ့တာကို ပြန်လည်တုံ့ပြန်တာလို့ ကြေညာချက်က ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် ကြေညာချက်က အမေရိကန်အစိုးရရဲ့ ခုလို ဆုံးဖြတ်ချက်က သူ့နိုင်ငံရဲ့ ကိုယ်ပိုင်ပြဿနာတွေကို ဖြေရှင်းမှုမပြုဘဲ နှစ်နိုင်ငံကြား ပုံမှန်စီးပွားရေးနဲ့ ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို ပျက်ပြားစေရုံမက ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီးရဲ့စည်းမျဉ်းတွေကိုလည်း ပြင်းပြင်းထန်ထန်ချိုးဖောက်ရာရောက်တယ်လို့ ဆိုခဲ့ပါတယ်။
တရုတ်အစိုးရရဲ့ ကုန်သွယ်စည်းကြပ်ခွန် ကောက်ခံမှုက ဖေဖော်ဝါရီလ ၁၀ ရက်မှာ စတင်အကျိုးသက်ရောက်မှာပါ။ ထရန့်က တရုတ်သမ္မတ ရှီကျင့်ဖိန်နဲ့ လာမယ့် ၂၄ နာရီအတွင်း တယ်လီဖုန်းနဲ့ ဆက်သွယ်သွားမယ်လို့ ပြောကြားအပြီးမှာပဲ ဒီကြေညာချက်က ထွက်လာတာပါ။
သမ္မတထရန့်က အမေရိကန်ရဲ့ အဓိကကုန်သွယ်ဖက်သုံးနိုင်ငံဖြစ်တဲ့ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကနေဒါနိုင်ငံနဲ့ မက္ကဆီကိုနိုင်ငံတို့ကို ဖေဖော်ဝါရီလ ၁ ရက်က ကုန်သွယ်စည်းကြပ်ခွန်တွေ ပြုလုပ်ခဲ့ရတာဟာ ဒီနိုင်ငံတွေက တရားမဝင်ပြောင်းရွှေ့နေထိုင်သူတွေ အမေရိကန်ကို အဆက်မပြတ်စီးဝင်နေမှုနဲ့ ဖင်တာနိုင်းလ်လို မူးယစ်အဖြစ်အသုံးပြုတဲ့ဆေးဝါးတွေ အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်နေမှုတို့အတွက် ရပ်တန့်အောင်ဆောင်ရွက်ဖို့ ပျက်ကွက်ခဲ့လို့ ဒီနိုင်ငံတွေအပေါ် ပြစ်ဒဏ်ပေးတဲ့သဘော ဆောင်ရွက်တာလို့ဆိုပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီလ ၃ ရက်မှာတော့ ထရန့်က အိမ်နီးချင်းနှစ်နိုင်ငံဖြစ်တဲ့ ကနေဒါနဲ့ မက္ကဆီကိုတို့ကို စည်းကြပ်ခွန်သတ်မှတ်ထားမှုအား ရက် ၃၀ ဆိုင်းငံ့လို့ ဖြေလျှော့ပေးခဲ့ပါတယ်။
သူ့ရဲ့ သမ္မတ ပထမသက်တမ်းကာလအတွင်း ၂၀၁၈ ခုနှစ်ကလည်း ထရန့်ဟာ ကုန်သွယ်ရေးပိုငွေကြီးမားစွာ တရုတ်နိုင်ငံကရရှိနေခြင်းအတွက် ဒေါ်လာဘီလျံ ရာနဲ့ချီမယ့်ကုန်ပစ္စည်းတွေအတွက် အပြန်အလှန် စည်းကြပ်ခွန်တွေ သတ်မှတ်ကြကာ နှစ်နှစ်ကြာ ကုန်သွယ်ရေးစစ်ပွဲကြီးကို တရုတ်နဲ့ဆင်နွှဲခဲ့ကြပါသေးတယ်။ ဒီမှာ ကမ္ဘာကြီးရဲ့ကုန်ပစ္စည်းထောက်ပံ့ရေးလမ်းကြောင်းတွေ ကပြောင်းကပြန်ဖြစ်ကာ ကမ္ဘာ့စီးပွားရေးကိုလည်း ထိခိုက်ခဲ့ပါတယ်။
အဲဒီကုန်သွယ်ရေးစစ်ပွဲကို အဆုံးသတ်ဖို့ တရုတ်အစိုးရက အမေရိကန်ကုန်ပစ္စည်းတွေအတွက် တစ်နှစ်ကို ဒေါ်လာ ဘီလျံ ၂၀၀ အပိုသုံးပေးမယ်လို့ ၂၀၂၀ ပြည့်နှစ်မှာ သဘောတူခဲ့ပေမယ့် ကိုဗစ်ကပ်ဆိုးကြောင့် အစီအစဉ်ပျက်ခဲ့ပါတယ်။ ဇန်နဝါရီလက ထုတ်ပြန်ခဲ့တဲ့ တရုတ်အကောက်ခွန်အချက်အလက်တွေအရ တရုတ်အစိုးရရဲ့ နှစ်စဉ်ကုန်သွယ်မှု လိုငွေဟာ ဒေါ်လာ ၃၆၁ ဘီလျံအထိ မြင့်တက်လာတယ်လို့ သိရပါတယ်။
Ref, Al Jazeera