
၄. ၂. ၂၀၂၅
Written by Nyein Kyaw
ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်အတွင်း ဌာနဆိုင်ရာ၊ အခြေခံပြည်သူနှင့် ရေဘေးသင့်ပြည်သူများထံသို့ ပို့ကုန်အခြေပြုအရန်ဆန်အိတ်ရေ ၈ သိန်းမှ သင့်တင့်မျှတသောဈေးနှုန်းဖြင့် ဆန်အိတ်ရေ ၂ သိန်းနီးပါး (၂၅ ရာခိုင်နှုန်း) အထိ ထုတ်ရောင်းပေးခဲ့ကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အစီရင်ခံစာတွင် ထုတ်ပြန်ထားသည်။
ပို့ကုန်အခြေပြုအရန်ဆန်ဆိုသည်မှာ ဆန်တင်ပို့သူ (Exporter) အနေဖြင့် ပြည်ပသို့ ဆန်တစ်တန်တင်ပို့ပါက ဆန်တစ်အိတ် ပေးသွင်းရသည့်စနစ်ဖြစ်ပြီး ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ပို့ကုန်အခြေပြုအရန်ဆန် အိတ်ရေ ၈ သိန်းဝန်းကျင်အထိရှိကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောကြားထားသည်။

ပို့ကုန်အခြေပြုအရန်ဆန်စနစ်တွင် ပြည်ပတင်ပို့သည့် ၁၅ မှတ်အဆင့်ရှိ ဧည့်မထဆန်အမျိုးအစားကို အရန်ဆန်ဖြစ်ထားရှိခြင်းဖြစ်ပြီး စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသည့် ရည်ညွှန်းဆန်ဈေးနှုန်းအရ တစ်အိတ်ကို ကျပ် ၇၆,၀၀၀ ရှိသည့်အတွက် အခြေခံလူတန်းစားများ၏ လိုအပ်ချက်ကို အဓိကဖြည့်ဆည်းပေနိုင်မည့် အဆန်အမျိုးအစားများဖြစ် ကြောင်း သိရသည်။
ပို့ကုန်အခြေပြုအရန်ဆန်များကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ပို့ကုန်တန်ချိန်အပေါ် မူတည်၍ ဝယ်ယူစုဆောင်းခဲ့ခြင်းဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်မှ ဒီဇင်ဘာလ ၃၁ ရက်အထိ မြန်မာနိုင်ငံ၏ကဏ္ဍအလွှာ ၆ ခုသို့ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချပေးခဲ့ကြောင်း ဖော်ပြထားသည်။
ရောင်းချပေးခဲ့သည့်ကဏ္ဍများမှာ ရန်ကုန်တိုင်းဒေသကြီး လက်လီဆန်ဆိုင် ၅၈ ဆိုင်မှတစ်ဆင့် ဆန်အိတ်ရေ ၂၇,၁၄၈ အိတ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ တိုင်းစစ်ဌာနချုပ် ၉ ခုရှိ တပ်ရင်းတပ်ဖွဲ့ မိသားစုဝင်များအတွက် လစဉ်ရောင်းချပေးခြင်း ဆန်အိတ်ရေ ၉၉,၂၉၀ အိတ်၊ ဝန်ကြီးဌာန၊ ဌာနဆိုင်ရာ ၃ ခုသို့ ရောင်းချခြင်း ဆန်အိတ်ရေ ၂၀,၇၆၂ အိတ်ရောင်းချပေးခဲ့သည်။
ထို့ပြင် အမ်းဒေသသို့ရောင်းချခြင်း ဆန်အိတ်ရေ ၁၂,၃၇၅ အိတ်၊ အခြားကုမ္ပဏီနှင့်အသင်းအဖွဲ့များသို့ စနစ်တကျရောင်းချပေးခြင်း ဆန်အိတ်ရေ ၂၄,၂၅၉ အိတ်နှင့် ရေးဘေးအလှူအတွက်ရောင်းချခြင်း ဆန်အိတ်ရေ ၁၅,၃၇၀ အိတ် စုစုပေါင်းဆန်အိတ်ရေ ၁၉၉,၂၀၄ အိတ်အထိ ဖြန့်ဖြူးရောင်းချပေးခဲ့ခြင်းဖြစ်သည်။