MT News
၄. ၂. ၂၀၂၅
KIA က ရှမ်းနီတိုင်းရင်းသား ၇၀၀ ကျော်ကို ဖမ်းဆီးပြီး လူသားဒိုင်းပြုလုပ်ကာ စစ်ရာဇဝတ်မှုကျူးလွန်နေခြင်းနှင့် အမျိုးသမီးများကို မုဒိမ်းကျင့်ကာ ရဟန်းသံဃာပါမချန် သတ်ဖြတ်နေမှုအပေါ် အပြင်းအထန်ကန့်ကွက်ရှုတ်ချသည်ဟု ရှမ်းနီအမျိုးသားများညီညွတ်ရေး အစည်းအရုံး(SNUA) က စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းနီဒေသ၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်ကျေးရွာနှင့် ပင်းခါးကျေးရွာရှိ ဒေသခံ ရှမ်းနီတိုင်းရင်းသားများနှင့် ရဟန်းတော်များအပေါ် KIA က စစ်ရာဇဝတ်မှုကျူးလွန်နေကြခြင်းနှင့် ပတ်သက်၍ ယမန်နေ့တွင် ထုတ်ပြန်လိုက်သည်။



၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၂၉) ရက်၊ နေ့လယ်ပိုင်းအချိန်တွင် ΚΙΑ ဦးဆောင်သောပူးပေါင်းတပ်ဖွဲ့များသည် ရှမ်းနီတိုင်းရင်း သားများ နေထိုင်ရာဒေသဖြစ်သော ဗန်းမောက်မြို့နယ်၊ ကြောင်လည်ကျေးရွာရှိ ဒေသခံရှမ်းနီရွာသူ ရွာသား (၃၀၀) နီးပါးခန့်ကို စစ်ပွဲအတွင်း လူသားတံတိုင်းသဖွယ် အသုံးပြုကာ အဓမ္မဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။ ထို့အပြင် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့၊ နံနက်ပိုင်းအချိန်တွင်လည်း ΚΙΑ ဦးဆောင်သောပူးပေါင်းတပ်ဖွဲ့များသည် ရှမ်းနီတိုင်းရင်းသားများ နေထိုင်ရာဒေသဖြစ်သော ဗန်းမောက်မြို့နယ်၊ ပင်းခါးကျေးရွာရှိ ဒေသခံရှမ်းနီရွာသူရွာသား (၄၀၀) နီးပါးခန့်ကို စစ်ပွဲအတွင်း လူသားတံတိုင်းသဖွယ် အသုံးပြုကာ ဆက်လက်၍ အဓမ္မ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြသည်။
ထိုသို့ အဓမ္မဖမ်းဆီးခေါ်ဆောင်ခြင်းခံကြရသည့် ရှမ်းနီရွာသူရွာသားများမှာ ရုတ်တရက် ပြေးလွှားပုန်းရှောင်ရသဖြင့် မိဘများနှင့် ကွဲနေသော အသက်(၈)လ၊ (၂)နှစ်နှင့် (၃)နှစ်အရွယ် ကလေးငယ်များ၊ အမျိုးသမီးငယ်များနှင့် သက်ကြီးရွယ်အိုများစွာ ပါဝင်နေသကဲ့သို့ ရဟန်းသံဃာတော်များလည်း ပါဝင်နေသည်။ အဓမ္မဖမ်းဆီးခေါ်ဆောင်စဉ်တွင် ΚΙΑ ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များသည် ရှမ်းနီရွာသူရွာသားများကို ကြိုးတုပ်၍ ရေနွေးပူများဖြင့် ပက်ခြင်း၊ သေနတ်ဒင်များနှင့် ထုနှက်ခြင်း၊ ရိုက်နှက်နှိပ်စက်ကလူပြုခြင်း စသည့် လူမဆန်သည့် လုပ်ရပ်များစွာကို ကျူးလွန်ခဲ့ကြသည်။ ထို့အပြင် ကျေးရွာအတွင်း လက်နက်ကြီးများ ပစ်သွင်းခြင်း၊ ဒရုန်းများဖြင့် ဗုံးသီးများကြဲချခြင်းတို့ကြောင့် ကျေးရွာများအတွင်းရှိ နေအိမ်များ၊ ဘုန်းတော်ကြီးကျောင်းများ ထိမှန်ပျက်စီးခြင်းများလည်း ရှိနေသကဲ့သို့ ဘာသာရေးအဆောက်အဦများကို အကာအကွယ်ပြု၍ ကတုတ်ကျင်းများ တူးဖော်နေသည်ကိုလည်း ထွက်ပြေးလွတ်မြောက်လာသည့် ရွာသူရွာသားအချို့၏ ပြောဆိုချက်များအရ သိရှိရသည်။
KIA ဦးဆောင်သောပူးပေါင်းတပ်ဖွဲ့များ၏ ကျူးလွန်နေမှုများသည် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်ထားမှု ဥပဒေ(IHL)ပါ စည်းမျဉ်းအမှတ်(၇)၊ (၁၁)၊ (၁၂)၊ (၁၄)၊ (၃၀)၊ (၃၁)၊ (၃၅)၊ (၃၈)၊ (၄၃)၊ (၅၃)၊ (၅၅)၊ (၇၇)၊ (၇၈)၊ (၈၁)၊ (၈၈)၊ (၉၆)၊ (၉၇)တို့ကို မျက်ကွယ်ပြုလျက် စစ်ရာဇတ်ဝတ်မှုမြောက်သော ပြစ်မှုများကို ရက်ရက်စက်စက်ကျူးလွန်နေခြင်းအပြင် NUG ၏ ကာကွယ်ရေးဝန်ကြီးဌာနနှင့် လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနတို့က ချမှတ်ထားသည့် စဉ်းမျဉ်းစည်းကမ်းများ၊ မူဝါဒများကိုပါ မျက်ကွယ်ပြုနေကြောင်းကို SNUA က အလေးအနက် သတိပေးသည်။
KIA ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များသည် တော်လှန်သည်ဟု အကြောင်းပြလျက် ရှမ်းနီတိုင်းရင်းသားများ၊ ရဟန်းတော်များ၊ ရိုးရာစာပေနှင့် ယဉ်ကျေးမှုကော်မတီဝင်များကို ဖမ်းဆီးသတ်ဖြတ်ခြင်း၊ လုပ်ကြံသတ်ဖြတ်ခြင်း၊ ရှမ်းနီအမျိုးသမီးများအပေါ် အဓမ္မပြုကျင့်မှုများ ကျူးလွန်ခဲ့ကြသည့်အပြင် ရှမ်းရိုးရာအနုသုခုမပစ္စည်းများဖြစ်သည့် အိုးစည်၊ မောင်းဆိုင်းများကိုလည်း မီးရှို့ဖျက်ဆီးခြင်း စသည့် ပြစ်မှုများစွာကို အထိန်းအကွပ်မရှိ ကျူးလွန်နေခဲ့ကြခြင်းသည် KIA တပ်ဖွဲ့က PDF တပ်ဖွဲ့များကို လူမျိုးရေးပဋိပက္ခဖန်တီးမှုတွင် ရည်ရွယ်ချက်ရှိရှိ ဦးဆောင်ပါဝင်စေနေသည်ဟု SNUA က ရှုမြင်သည်။
သို့ပါ၍ စစ်ကိုင်းတိုင်းဒေသကြီး၊ ရှမ်းနီဒေသ၊ ဗန်းမောက်မြို့နယ်၊ ကြောင်လည်ကျေးရွာနှင့် ပင်းခါးကျေးရွာတို့ရှိဒေသခံ ရှမ်းနီတိုင်းရင်းသားများနှင့် ရဟန်းတော်များအပေါ် စစ်ရာဇဝတ်မှုမြောက်သော ပြစ်မှုများကျူးလွန်နေကြသည့် ΚΙΑ ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များ ကျူးလွန်ခဲ့ကြသည့် စစ်ရာဇဝတ်မှုများနှင့် ပတ်သက်၍ SNUA က အပြင်းအထန် ကန့်ကွက် ရှုတ်ချပြီး ၄င်းပြစ်မှုများအတွက် တာဝန်ယူမှု၊ တာဝန်ခံမှုပြုနိုင်စေရန် ကုလသမဂ္ဂဆိုင်ရာ အဖွဲ့အစည်းများ၊ နိုင်ငံတကာသံရုံးများ၊ လူ့အခွင့်အရေး ဆိုင်ရာအဖွဲ့အစည်းများ၊ အာဆီယံနှင့် နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်းကူညီကြပါရန် လေးနက်စွာ တိုက်တွန်းတောင်းဆိုလိုက်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
