
၄.၂.၂၀၂၅
Written By Thandar
အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆုအနေနဲ့ ၂၀၂၄ ခုနှစ် မြန်မာရုပ်ရှင်အကယ်ဒမီထူးချွန်ဆုပေးပွဲအတွက် ပရိသတ်စိတ်ဝင်စားခြင်းခံနေရတဲ့ မင်းသမီးက အကယ်ဒမီ ဝတ်မှုန်ရွှေရည်လည်း ဖြစ်ပါတယ်။


“ကစ်အတွက် ၄ နှစ်အကြာမှ ပထမဦးဆုံး ပြန်လည်ရိုက်ကူးဖြစ်တဲ့ ဇာတ်ကားပါ။ ကစ်ကို လွမ်းနေကြတဲ့ ပရိသတ်တွေအတွက် ကစ် ပြန်လက်ခံရိုက်ဖြစ်တာလည်း ပါပါတယ်။ တိမ်ပန်းချီဆိုတဲ့ ကောင်မလေးနေရာက ပါဝင်သရုပ်ဆောင်ထားပါတယ်။ အကုန်လုံးကလည်း အခန်းတိုင်း၊ အခန်းတိုင်းမှာ သူ့နေရာနဲ့ သူ ထိထိမိမိကို သရုပ်ဆောင်ထားကြတဲ့ ဒရာမာဇာတ်လေးပါ။ ကစ်က ဒီဇာတ်ကားကို တကယ့်ကို စင်တင်ကောင်မလေးကို သေချာရုပ်ဖျက်ပြီးတော့ သွားကြည့်လေ့လာပြီးမှ ရိုက်ခဲ့တဲ့ ဇာတ်ကားပါ” လို့ အကယ်ဒမီ ဝတ်မှုန်ရွှေရည်က ရုံတင်ပြသချိန်မှာ ပြောခဲ့ပါတယ်။
သရုပ်ဆောင် ဝတ်မှုန်ရွှေရည်ကတော့ “တိမ်ပန်းချီ” ရုပ်ရှင်ဇာတ်ကားကြီးနဲ့ ၄ နှစ်ကြာမှ အနုပညာလောကထဲ ပြန်လည်ရောက်ရှိလာတာလည်းဖြစ်ပြီးတော့ တိမ်ပန်းချီ@ကြယ်စင်ဆိုတဲ့ ဇာတ်ရုပ်နဲ့ မိသားစုအပေါ် စွန့် လွှတ်အနစ်နာခံပြီးတော့ သိတတ်သူ၊ အိမ်ထောင်ကျသွားချိန်မှာလည်း ခင်ပွန်းအပေါ် အနွံတာခံချစ်တတ်တဲ့ မိန်းကလေးနေရာက အကောင်းဆုံး အံဝင်ခွင်ကျဖြစ်လွန်းတဲ့ ဇာတ်ရုပ်နဲ့ ပါဝင်ခဲ့တာလည်းဖြစ်ပါတယ်။
အဆိုပါ ဇာတ်ကားကို ၀တ္ထု ဟမ်စိုင်း(ဆေး-မန်း)၊ ဇာတ်ညွှန်း အေးသီရိကိုတို့က ရေးသားထားပြီး ဒါရိုက်တာ ပွင့်သိင်္ဂီဇော်၊ အကယ်ဒမီဝတ်မှုန်ရွှေရည်၊ အေးချမ်းမောင်၊ နေမျိုးအောင်၊ စည်ဖြိုး၊ ညီနန္ဒ၊ အကယ်ဒမီ မယ်လိုဒီ၊ နှင်းယုနဲ့ အနုပညာရှင်များစွာက အကောင်းဆုံးပါဝင်သရုပ်ဆောင်ထားကြပါတယ်။
Brave Empire Production ရဲ့ တိမ်ပန်းချီ ရုပ်ရှင်ဇာတ်ကားဟာဆိုရင် ရုပ်ရှင်ရုံတင်ပြသချိန်မှာ ဝင်ငွေစံချိန်ချိုးပြီးတော့ ၅ ပတ်အထိ ရုံတင်ပြသခွင့်ကို ရရှိခဲ့တာပါ။


မင်းသမီး ဝတ်မှုန်ရွှေရည်က ၂၀၁၃ ခုနှစ်က နင်စေရင် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု အကယ်ဒမီကိုရရှိထားပြီး ၂၀၁၄ ခုနှစ်က နှလုံးသားဖြင့်ပြုလုပ်သည် ရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ဆုကို ရရှိထားသူလည်းဖြစ်ပါတယ်။
တိမ်ပန်းချီ ကာရိုက်တာကို အပြည့်အဝ စီးဝင်နိုင်ခဲ့တဲ့ မင်းသမီး ဝတ်မှုန်ရွှေရည် ကတော့ ၂၀၂၄ ခုနှစ် မြန်မာ့ရုပ်ရှင်အကယ်ဒမီထူးချွန်ဆုကို ထပ်မံရရှိနိုင်မလားဆိုတာ ပရိသတ်အမြင်ကို MT Entertainment ကတစ်ဆင့် ရင်ဖွင့်နိုင်ပါတယ်နော် …..။