
၄.၂.၂၀၂၅
Written by Hey Mar
လှိုင်မြို့နယ်မှာ ဇန်နဝါရီ ၃၁ ရက်နေ့ကနေ ဖေဖော်ဝါရီ ၃ ရက်နေ့အတွင်း ယာဉ်တိုက်မှု သုံးကြိမ်ဖြစ်ပွားခဲ့ပြီး မနေ့က ဖေဖော်ဝါရီ ၃ ရက်နေ့ ည ၉ နာရီ ၄၅ မိနစ်အချိန်ခန့်က ဖြစ်ပွားခဲ့တဲ့ ဆိုက်ကားနဲ့ ကိုယ်ပိုင်ယာဉ်တိုက်မှုမှာတော့ ဆိုက်ကားဆရာ သေဆုံးခဲ့တယ်လို့ ဒေသခံလူမှုကူညီရေးအသင်းထံကနေ သိရပါတယ်။

ဖြစ်စဉ်က ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်မြို့နယ်၊ (၁၆) ရပ်ကွက်၊ ပါရမီလမ်းနဲ့ ဗဟိုလမ်း မီးပွိုင့်မှာဖြစ်ပွားခဲ့တာဖြစ်ပြီး အရက်သေစာသောက်စားကာ မောင်းနှင်လာတဲ့ အိမ်စီး Kaluger အဖြူရောင်ယာဥ်က ဘယ်ဘက်ခြမ်းကနေ ကပ်နင်းလာတဲ့ ဆိုက်ကားကို တိုက်မိတာလို့ သိရပါတယ်။
တိုက်တဲ့ယာဉ်မောင်းက အသက် ၄၅ နှစ်ဝန်းကျင်ဖြစ်ပြီး အတိုက်ခံရသူက ရွှေပြည်သာမြို့နယ်မှာ နေထိုင်သူအသက် ၃၅ နှစ်အရွယ် ကိုသက်ဦးလို့သိရပါတယ်။
မြေပြင်အကူအညီရောက်ရှိခဲ့တဲ့ ရတနာဖြိုးလူမှုကူညီရေးအသင်းတာဝန်ရှိသူက “ဆိုက်ကားဆရာက ရွှေပြည်သာကနေ ဒီဘက်မှာ ဆိုက်ကားလာနင်းတာ။ ယာဉ်တိုက်မိတော့ ဘယ်ဘက်ခြေထောက်က ခြေသလုံးကျိုးကြေ၊ ခြေခြင်းဝတ်ကျိုးဒဏ်ရာ၊ ဦးခေါင်းပေါက်ပြဲသွေးထွက်၊ နားထဲက သွေးထွက်ဒဏ်ရာတွေ ရထားတယ်။ ကျွန်တော်တို့ ရန်ကုန်ဆေးရုံကြီးဆီ ပို့တဲ့လမ်းတစ်လျှောက် သတိနှစ်ခါ လစ်သွားသေးတယ်။ ဒီမနက်အစောပိုင်းမှာတော့ ရရှိတဲ့ဒဏ်ရာတွေနဲ့ ဆုံးတယ်” လို့ MT News က ဆက်သွယ်မေးမြန်းတာကို ပြန်လည်ဖြေကြားပါတယ်။


ယာဉ်တိုက်မှုမှာ တိုက်သွားတဲ့ ယာဉ်က ပထမ မောင်းပြေးပေမယ့် ပြန်လည်လာရောက်ဖြေရှင်းခဲ့တယ်လို့လည်း သိရပြီး သက်ဆိုင်ရာက စုံစမ်းစစ်ဆေးမှုတွေဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်နေ့ ညဆယ်နာရီဝန်းကျင်အချိန်နဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မနက်အစောပိုင်းကလည်း လှိုင်မြို့နယ်၊ သမိုင်းလမ်းဆုံ စီးတီးမတ်အနီးမှာ ယာဉ်တိုက်မှု နှစ်ကြိမ်ဖြစ်ပွားခဲ့ပါသေးတယ်။