◾ ကုသရန်ဆေးဝါးအခက်အခဲကြောင့် တခြားမြို့သို့ ပြောင်းရွှေ့ကုသရန်လည်း AA က ခွင့်မပြု၍ ဒုက္ခရောက်နေကြ
၄.၂.၂၀၂၅
Written by Zun
AA နယ်မြေလုယက် စိုးမိုးထားသည့် ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များတွင် အရေပြားရောဂါများ ဖြစ်ပွားမှု မြင့်တက်နေသောကြောင့် တခြားမြို့သို့ ပြောင်းရွှေ့ကုသလိုသော်လည်း AA က ခွင့်မပြု၍ ဒုက္ခရောက်နေကြကြောင်း ဒေသခံများထံမှ သိရသည်။




အရေပြားရောဂါဖြစ်ပွားမှုများမှာ ပြီးခဲ့သည့် ၂၀၂၄ ခုနှစ် ရေကြီးရေလျှံဖြစ်ပွားခဲ့ပြီးနောက် သြဂုတ်လ နှောင်းပိုင်းကစ၍ AA ထိန်းချုပ်ထားသည်ဆိုသော မင်းပြားမြို့နယ်တွင် လူထောင်ချီ စတင်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
ယင်းနောက် ပေါက်တောမြို့နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်တော်မြို့နယ်တို့တွင် ဆက်တိုက်ဖြစ်လာခဲ့ကာ လက်ရှိတွင် ရခိုင်ပြည်နယ်တောင်ပိုင်းမြို့များဖြစ်သည့် ဂွ၊ သံတွဲ၊ ငပလီ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ အမ်းမြို့ နယ်တို့အထိ ပြန့်ပွားကူးစက်ဖြစ်ပွားလာနေခြင်းဖြစ်ကြောင်း သိရသည်။
“ကျွန်မတို့က ကလေးတွေ ခန္ဓာကိုယ်မှာ ဖြစ်နေတဲ့ အနာတွေကို မကြည့်ရက်ဘူး။ ဒါကြောင့် ကိုယ်နေတဲ့နေရာနဲ့ နီးတဲ့ ပုသိမ်လိုမြို့က ဆေးရုံကို သွားပြီးကုချင်တယ်။ AA က သွားခွင့်မပြုဘူးလေ။ သူတို့ကတော့ ဆေးပေးတယ် ဆိုပေမဲ့ လူတွေက အများကြီး။ ဘယ်လိုမှ မလုံလောက်နိုင်ဘူး။ ဒေါသလည်းဖြစ်တယ်”ဟု ဂွမြို့ခံတစ်ဦးက MT News ကို ပြောသည်။
ယခုအခါ ဂွ မြို့နယ်က ကျေးရွာ ၁၂ ရွာထက်မနည်းတွင် ကလေးငယ်အပါအဝင် ဒေသခံ ၃ ထောင်ကျော်က အရေပြားရောဂါ ကူးစက်ခံနေရကြောင်း၊ အဆိုပါ ရောဂါဖြစ်ပွားမှုမှာ ပြီးခဲ့သည့် ဇန်နဝါရီလက စတင်ဖြစ်ပွားခဲ့ကြောင်းလည်း သိရသည်။




“AA က ဆေးအပါအဝင် စားသောက်ကုန်တွေကို မှောင်ခိုတင်သွင်းတယ်။ ပုသိမ်ဘက်က ရခိုင်တစ်ပြည်နယ်လုံးကို မော်တော်သမားတွေနဲ့ ချိတ်ဆက်ပြီး တင်သွင်းတာ။ အရင်ကတော့ လမ်းကြောင်းကောင်းတယ်လို့ ပြောတယ်။ နောက်ပိုင်းမှာ ကုန်တင်မော်တော်တွေကို တပ်က စစ်ဆေးတာတွေ လုပ်လာတော့ သူတို့မှာ ဆေးဝါးနဲ့ စာရေးရိက္ခာရတာက အရင်လိုမဟုတ်ဘူးဆိုတာ သိရတယ်။ AA က မှာတဲ့ အမှာတွေကို ပုသိမ်ကနေ မော်တော်တွေနဲ့ တင်သွင်းတာကိုလုပ်ဖို့ ကုန်သည်တွေနဲ့ ချိတ်ဆက်ကြတာတဲ့။ အခုတော့ ကျပ်တော့ ဆေးဝါးတွေလည်း ဘယ်ရနိုင်မလဲ။ ကိုယ့်ဘာသာကိုယ် ဆေးသွားကုမယ်ဆိုလည်း AA က မသွားရဘူးလို့ တားထားတယ်။ ကျွန်တော့် တူမလေး ၁၀ နှစ်လောက်ပဲရှိသေးတယ်။ ဂွမှာနေတာ။ အခု ကျွန်တော့ညီမက ငိုနေတယ်။ ကလေးကိုကြည့်ပြီး။ အိမ်ကိုလည်း မပြန်ရနိုင်၊ သူတို့ထားတဲ့ စစ်ရှောင်စခန်းတွေမှာနေရတာ”ဟု ကမ်းသာယာတွင် နေထိုင်သူတစ်ဦးက MT News ကို ပြောပြသည်။



လက်ရှိဖြစ်ပွားနေသော အရေပြားရောဂါပုံစံမှာ ခန္ဓာကိုယ်၌ အဖုအလုံးများပေါက်၍ ပြည်တည်ကာ ကျောက်ရောဂါပုံစံ အနာများ၊ ဝဲနှင်းခူပုံစံ ပြင်လိုက်ယားနေသည့်ပုံစံမျိုးများ ဖြစ်ကြောင်း၊ လူကြီးထက် ကလေးငယ်များ အဖြစ်များကြောင်း သိရသည်။
