၁.၂.၂၀၂၅
Traqnslated by Htwe Ko Tun
အီရန်အနေနဲ့ သူ့ရဲ့နျူကလီးယားအဆောက်အအုံနေရာတွေကို တိုက်ခိုက်ခြင်းခံရမယ်ဆိုရင် ဒေသအတွင်းမှာ မီးကုန် ယမ်းကုန်တိုက်ခိုက်မှုတစ်ခုကို ဦးတည်စေမယ့် အစွမ်းကုန် ပြန်လည်တိုက်ခိုက်မှုကို ချက်ချင်းပဲ ပြတ်ပြတ်သားသားပြုလုပ်သွားမယ်လို့ အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က Al Jazeera သတင်းဌာနနဲ့ တွေ့ဆုံမေးမြန်းပွဲတစ်ခုမှာ ဇန်နဝါရီလ ၃၁ ရက်က ပြောခဲ့ပါတယ်။
အစ္စရေးနဲ့အမေရိကန်ကသာ အီရန်ကိုတိုက်ခိုတ်လာခဲ့မယ်ဆိုရင် အမေရိကန်အဖို့ သမိုင်းတွင်သွားမယ့် အကြီးမားဆုံးအမှားကြီးတစ်ရပ်ကို ကျူးလွန်မိခြင်း ဖြစ်သွားစေရမယ်လို့ သူက ပြောခဲ့ပါတယ်။
အီရန်ရဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေကြားထဲမှာ ဒေါ်နယ်ထရန့်က သူ့ရဲ့ ဒုတိယသမ္မတသက်တမ်းအတွင်းမှာ အီရန်ရဲ့ နျူကလီးယားအဆောက်အအုံနေရာတွေကို တိုက်ခိုက်ဖို့ အစ္စရေးဝန်ကြီးချုပ် နေတန်ရာဟုကို အမေရိကန်က စစ်အင်အား ဖြည့်တင်းပေးလာနိုင်တယ်လို့ စိုးရိမ်နေကြပါတယ်။
ဒီစိုးရိမ်မှုတွေနဲ့အတူ အီရန်နိုင်ငံအတွင်း စီးပွားရေးအခြေအနေတွေအပေါ် မကျေနပ်မှုတွေလည်း တိုးပွားလာနေပြီး သူ့ရဲ့လျင်မြန်စွာတိုးတက်နေတဲ့ နျူကလီးယားအစီအစဉ်ရဲ့ ကံကြမ္မာအတွက် အီရန်အနေနဲ့ ထရန့်အစိုးရနဲ့ တွေ့ဆုံညှိနှိုင်းလာနိုင်တယ်လို့ ယူဆရပါတယ်။
အီရန်နိုင်ငံခြားရေးဝန်ကြီး Abbas Araghchi က အမေရိကန်အစိုးရအနေနဲ့ ပိတ်ဆို့ထားတဲ့ အီရန်ရဲ့ ရန်ပုံငွေတွေကိုပြန်လည်ဖြေလျှော့ပေးပြီး နှစ်ဦးနှစ်ဖက် ရန်လိုနေကြတဲ့ နိုင်ငံနှစ်ခုအကြား ယုံကြည်မှုတည်ဆောက်ရေးကို ပထမအဆင့် စတင်ပြုလုပ်သင့်တယ်လို့ အကြံပေးပြောကြားခဲ့ပါတယ်။
Ref- The Times of Israel
