၁.၂.၂၀၂၅
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၊ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် ဖီလာဒယ်လ်ဖီးယားမြို့တွင် အင်ဂျင်နှစ်လုံးတပ် လေယာဉ်ငယ်တစ်စီးက Roosevelt Mall ကုန်တိုက်ကြီးအနီးသို့ ဒေသစံတော်ချိန် ဇန်နဝါရီလ ၃၁ ရက် ညနေ ၆ နာရီခွဲက ပျက်ကျခဲ့ကြောင်း အာဏာပိုင်များက ပြောခဲ့ကြသည်။
Learjet 55 အမျိုးအစား ထိုလေယာဉ်ပေါ်တွင် လူခြောက်ဦးပါရှိပြီး ဖီလာဒယ်လ်ဖီးယားမြို့ အရှေ့မြောက်လေဆိပ်မှ ပျံတက်လာအပြီး စက္ကန့် ၃၀ ခန့်အကြာ ပျက်ကျခဲ့ခြင်းဟုလည်း သိရသည်။ လေယာဉ်ပျက်ကျမှုကြောင့် မြေပြင်မှ မီးခိုးလုံးကြီးတက်လာကာ အိမ်များလည်း မီးစွဲလောင်ခဲ့ကြသည်။


လေယာဉ်က မစ်ဆိုရီ ပြည်နယ်အတွင်းရှိ ပြည်တွင်းလေဆိပ်ဖြစ်သော Springfield-Branson သို့ ဦးတည်ပျံသန်းရန် ထွက်ခွာလာခြင်းဟုလည်း ပြည်ထောင်စု လေကြောင်းပျံသန်းရေးစီမံခန့်ခွဲရေးအဖွဲ့က ပြောခဲ့သည်။
၎င်းက လေဆိပ်မှပျံတက်အပြီး ပေ ၁,၆၀၀ အမြင့်သို့အရောက်တွင် ပျက်ကျခဲ့ခြင်းဟုလည်း သိရသည်။
ဖီလာဒယ်လ်ဖီးယားမြို့၏ အရေးပေါ်စီမံခန့်ခွဲရေးအဖွဲ့က Cottman နှင့် Bustleton လမ်းများအနီးတွင် အရေးပေါ်ထိခိုက်ဖြစ်ပွားမှုတစ်ရပ်အဖြစ်ဆောင်ရွက်နေကြပြီး နယ်မြေအတွင်း ထိုလမ်းများကိုလည်း ပိတ်ထားကြောင်း လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။


နိုင်ငံ၏အဆိုးဝါးဆုံး လေကြောင်းဖြစ်ရပ်ဆိုးတစ်ခုဖြစ်ခဲ့ရသော ဝါရှင်တန်ဒီစီ လေဆိပ်သို့ ဆင်းသက်လုနီး ခရီးသည်တင်လေယာဉ်နှင့် စစ်ဘက်ရဟတ်ယာဉ် ဝေဟင်တွင် တိုက်မိမှုကြောင့် လူ ၆၇ ဦး သေဆုံးခဲ့ရပြီးနောက် နှစ်ရက်အကြာတွင် ဤ ကဲ့သို့ လေယာဉ်ပျက်ကျမှု ထပ်မံဖြစ်ပွားခြင်းဖြစ်သည်။
မြေပြင်ထိခိုက်မှုသတင်းများကို အတိအကျမသိရသေးပေ။
Ref- AP
