၁. ၂. ၂၀၂၅
Written by Nay Moe
တနင်္သာရီမြို့နယ်ရှိ ပြည်သူများအား ကာလရှည် စစ်ရှောင်ရမည်ဟု KNLA ၏ Black Cobra Column က ခြိမ်းခြောက် အမိန့်ထုတ်ပြန်မှုကို ယမန်နေ့က ပြုလုပ်ခဲ့သည်။
KNU/KNLA တပ်ရင်း (၁၁) ရှိရာ တနင်္သာရီမြို့နယ်အတွင်းရှိ မောတောင်နယ်စပ် တပ်စခန်းအား တပ်အပြောင်းအလဲ ပြုလုပ်ရန်၊ မောတောင်မြို့ရှိ ပြည်သူ့စစ်များအား လက်နက်တပ်ဆင်ပေးရန်နှင့် တနင်္သာရီ-မောတောင်ကားလမ်းအား ပြန်လည်စိုးမိုးရယူရန်အတွက် တပ်မတော်က စစ်ဆင်ရေးများ ပြုလုပ်လျက်ရှိ၍ ယမန်နှစ် ဒီဇင်ဘာ ၁၈ ရက်မှ စတင်ကာ ထိုးစစ်ဆင် တိုက်ခိုက်လာသဖြင့် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိသည့်အပြင် အင်အားတိုးချဲ့ပြီး ထိုးစစ်ဆင်ခြင်းများ ထပ်မံပြုလုပ်နေသည်ဟု ဆိုသည်။


ထို့ကြောင့် တနင်္သာရီမြို့နယ်ရှိ တပ်စခန်းများ အားလုံးနှင့် အခြေပြုတပ်ဖြန့်ထားသော နေရာများအားလုံးကို စစ်ရေးပစ်မှတ်အဖြစ် သတ်မှတ်၍ ပိုမိုပြင်းထန်သော တန်ပြန်တိုက်ခိုက်မှုများကို အချိန်မရွေး ပြန်လည်လုပ်ဆောင်သွားမည် ဖြစ်သည်ဟုလည်း Black Cobra Column က ပြောသည်။
ထို့အပြင် တပ်မတော်ကို ကျောထောက်နောက်ခံ ပြုလုပ်ပေးနေသည့် အဖွဲ့အစည်းများ၊ တပ်ဖွဲ့ဝင်များ၊ လက်အောက်ခံဌာနဆိုင်ရာဝန်ထမ်းများ၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်များ၊ လူပုဂ္ဂိုလ်များ၊ သတင်းပေး (သူလျှို) များ၊ ပစ္စည်းအား လူအားဖြင့် အကူအညီပေးနေသူများ နှင့် တပ်မတော်နှင့် ပတ်သက်ဆက်နွယ်သူများ အားလုံးကို ရန်သူအဖြစ်သတ်မှတ်ပြီး စစ်ရေးပစ်မှတ်အဖြစ် ထိရောက်ပြင်းထန်စွာ အရေးယူသွားမည်ဟုလည်း Black Cobra Column က ခြိမ်းခြောက်သည်။
ထို့အပြင် ဒေသခံများနှင့် အနယ်နယ်အရပ်ရပ်မှ ပြည်သူလူထုများအနေဖြင့် တနင်္သာရီ-မောတောင် နယ်စပ်ကုန်သွယ်ရေးလမ်းအား အထူးအရေးပေါ်ကိစ္စ (သေရေး၊နာရေးကိစ္စ) မှအပ မလိုအပ်ဘဲ ခရီးသွားလာခြင်း မပြုလုပ်ကြရန်လည်း ခြိမ်းခြောက်စာတွင် ဖော်ပြထားသည်။
ထို့အပြင် စစ်ပွဲကာလကြာရှည်နိုင်သဖြင့် အဖိုးတန်ပစ္စည်းများ ယူဆောင်သွားရန်၊ လိုအပ်သော ဆေးဝါး၊ ရိက္ခာများအား အတတ်နိုင်ဆုံး စုဆောင်းထားကြရန် နှင့် မိမိတို့လုံခြုံရေး သတိပြုနေထိုင်ကြရန်လည်း ခြိမ်းခြောက်စာတွင် ဖော်ပြထားသည်။
