
၃၁.၁. ၂၀၂၅
Written by Nay Moe
KNU ဌာနချုပ်ရှိရာ တပ်မဟာ-၇ နယ်မြေ ကလို့ယော်လေး ကွင်းပြင်အနီးမှာ ဒီမနက် ၇ နာရီခွဲကျော်အချိန် ကာမီကာဇေ အသေခံဒရုန်း ၂ လုံးနဲ့ တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ တပ်မဟာမှူးကပြောကြောင်း KNU/KNLA ရဲ့ မီဒီယာ KIC က ဖော်ပြလာပါတယ်။
တိုက်ခိုက်ခံရတဲ့နေရာဟာ ၂၀၁၉ ခုနှစ်က နှစ် ၇၀ ပြည့် ကရင့်တော်လှန်ရေးနေ့ အခမ်းအနား ကျင်းပပြုလုပ်ခဲ့တဲ့နေရာဖြစ်ပြီး ဒီနေ့ကျရောက်တဲ့ ၇၆ နှစ်ပြည့် ကရင့်တော်လှန်ရေးနေ့မှာ အခမ်းအနားရှိရာနေရာ တိုက်ခိုက်ခံရတာလည်းဖြစ်ပါတယ်။
ဒီ တိုက်ခိုက်မှုဟာ တပ်မတော်ဘက်က တိုက်ခိုက်တာလို့ ခန့်မှန်းထားကြတယ်ဆိုထားပြီး ကာမီကာဇေဒရုန်း ထိမှန်မှုကြောင့် အဆောက်အဦတစ်ခု၊ ကားတစ်စီး ထိခိုက်ပျက်စီးပြီး လူတစ်ဦး ခြေထောက် ဒဏ်ရာရရှိသွားတယ်လို့ ဆိုပါတယ်။


ဒီတိုက်ခိုက်မှုက မနက် ၇ နာရီခွဲကျော်မှာ တစ်လုံးနဲ့ ၁၀ မိနစ်လောက်အခြားမှာ နောက်ထပ် တစ်လုံး ထပ်ကျပြီး မြေကြီးပါ တုန်ဟီးလောက်အောင် ပေါက်ကွဲသံကျယ်လောင်တယ်လို့ ဆိုပါတယ်။
ဒီ ဇန်နဝါရီ ၃၁ ရက်နေ့ဟာ ၇၆ နှစ်မြောက် ကရင့်တော်လှန်ရေးနေ့ဖြစ်ပြီး တော်လှန်ရေးနေ့ အခမ်းအနားတွေကို လုံခြုံရေးအခြေအနေပေါ် မူတည်ပြီး သက်ဆိုင်ရာ နေရာအသီးသီးမှာ ကျင်းပနေတယ်လို့လည်း KIC က ဆိုပါတယ်။
၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၂၂ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်ကလည်း တပ်မဟာ-၇ နယ်မြေက KNU/KNLA ဗဟိုဌာနချုပ်ရှိရာ အနီးဝန်းကျင်နေရာကိုလည်း အလားတူ ကာမီကာဇေ ဒရုန်း ၄လုံးနဲ့ တိုက်ခိုက်ခံခဲ့ရပါသေးတယ်။
ပုံစာ။ KNU/KNLA ဌာနချုပ်နယ်မြေကို ယနေ့ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခံရမှုမြင်ကွင်း
News & Photo Ref, KIC, KNLA
