


၃၁.၁.၂၀၂၅
Translated by Htwe Ko Tun
American Airlines လေကြောင်းမှ ခရီးသည်တင်လေယာဉ်တစ်စီးက အမေရိကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမြို့တော် ၏ ရော်နယ်ရီဂင် လေဆိပ်သို့ ဆင်းသက်ကာနီးတွင် စစ်ဘက်ရဟတ်ယာဉ်တစ်စီးနှင့် ဇန်နဝါရီလ ၂၉ ရက် ညပိုင်းက တိုက်မိခဲ့မှု၌ လယာဉ်ပေါ်ပါရှိသူ ၆၄ ဦးနှင့် ရဟတ်ယာဉ်ပေါ် မှ စစ်မှုထမ်းသုံးဦးစလုံးပါ သေဆုံးခဲ့ကြကြောင်း တာဝန်ရှိသူများက ဇန်နဝါရီလ ၃၀ ရက်တွင် ပြောကြားခဲ့ကြသည်။
သမ္မတ ဒေါ်နယ်ထရန့် ကလည်း ထိုလေယာဉ်တိုက်မှုတွင်အသက်ရှင်ကျန်ရစ်သူမရှိကြောင်းပြောခဲ့ပြီး ၎င်းက ဒီမိုကရက်တို့၏မူဝါဒများအပေါ် သက်သေအထောက်အထားမရှိပါဘဲ ပြစ်တင်ဝေဖန်ခဲ့သည်။
ခရီးသည် ၆၀ ဦးနှင့် လေယာဉ်ဝန်ထမ်းလေးဦးလိုက်ပါလာကာ ကန်ဆက်ပြည်နယ်၊ ဝီချီတာမြို့မှ ပျံသန်းလာသော Bombardier CRJ700 လေယာဉ်က လေဆိပ်၏ ပြေးလမ်းအမှတ် ၃၃ သို့ ဆင်းသက်ရန်ချဉ်းကပ်လာစဉ် လေထဲတွင် ရဟတ်ယာဉ်နှင့်တိုက်မိအပြီး ရေခဲနေသော Potomac မြစ်ထဲသို့ ထိုးကျသွားခဲ့သည်။
လေယာဥ်တိုက်မိမှုမဖြစ်ပွားမီ စက္ကန့် ၃၀ ခန့် အလို၌ လေဆိပ်၏ ပျံသန်းရေးထိန်းချုပ်မှုစခန်းက Black Hawk ရဟတ်ယာဉ်ထံ Bombardier CRJ700 လေယာဉ်က ကွင်းသို့ဆင်းရန် ချဉ်းကပ်လာမှုကို ကောင်းစွာတွေ့မြင်ခြင်း ရှိမရှိ မေးမြန်းနိုင်ရန် ကြိုးစားခဲ့သည်။ ၎င်းက ပျံသန်းရေးထိန်းချုပ်မှုစခန်း အနေဖြင့် ခရီးသည်တင်လေယာဉ်နှင့် ဆက်သွယ်မှုတစ်စုံတစ်ရာမရှိခဲ့ဟုလည်း ယူဆဖွယ်ရာဖြစ်ခဲ့သည်။
ကယ်ဆယ်ရေးလုပ်ငန်းများကို အရေးပေါ်ဆောင်ရွက်ခဲ့ကြသော်လည်း လေယာဉ်ပေါ်မှ သေဆုံးနေသူ ၄၀ ဦးကျော်၏ အလောင်းများကို မြစ်ရေပြင်အတွင်းမှ ဆယ်ယူရရှိခဲ့သည်။တိုက်မိသော စစ်ဘက်ရဟတ်ယာဉ် Black Hawk ပေါ်ရှိ သုံးဦးစလုံးမှာလည်း သေဆုံးခဲ့ရကြောင်း သိရသည်။
Bombardier CRJ700 လေယာဉ်၏ ပျံသန်းမှုမှတ်တမ်း Black box တစ်ခုကို Potomac မြစ်ထဲမှ ပြန်လည်ရှာဖွေတွေ့ခဲ့ကြောင်း သတင်းများကဆိုသည်။ ထိုလေယာဉ်နှင့်ရဟတ်ယာဉ် လေထဲတွင်တိုက်မိမှုက အမေရိကန်နိုင်ငံတွင် ၂၀၀၁ ခုနှစ်မှစ၍ အဆိုးဝါးဆုံး လေကြောင်းပျံသန်းမှုဖြစ်ရပ်ဆိုးကြီးလည်းဖြစ်ခဲ့သည်။
လေယာဉ်တိုက်မိမှု၏ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်းမပြောနိုင်သေးကြောင်း သိရသည်။
Ref- CNN, AP
