
၂၉.၁.၂၀၂၅
Written By Thandar
Cineverse Production က သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံ “သစ္စာလွန် နှောင်ကြိုး ” ရုပ်ရှင်ဇာတ်ကားကြီး ကန်တော့ပွဲပေးခြင်း အခမ်းအနားကို ယနေ့ ဇန်နဝါရီ ၂၉ ရက် နံနက် ၈ နာရီက ရန်ကုန်မြို့ ဗိုလ်တထောင် ဘုရားအောင်မြေမှာ ကျင်းပခဲ့ပါတယ်။



“ဒီဇာတ်ကားက သုံးပွင့်ဆိုင် အချစ်ဇာတ်လမ်းကိုမှ အိမ်ထောင်ရေး ဇာတ်ကားလေးပါ။ ကျွန်တော်က ဒီကားမှာ ဆရာဝန်တစ်ယောက်နေရာ ကာရိုက်တာမြင်တွေ့ရမှာပါ။ ကျွန်တော်က အိမ်ထောင်ရေး ဇာတ်တွေ ရိုက်တာက ရှားပါတယ်။ အရင်က သရဖူဆိုတဲ့ ဇာတ်ကားမှာ အိမ်ထောင်သည်အနေနဲ့ လုပ်ခဲ့ဖူးတယ်။ ဒီဇာတ်ကားနဲ့မှ ဒုတိယမြောက်ဇာတ်ကားဖြစ်မယ် ထင်ပါတယ်။ ဒီကားက အရမ်းလောင်နေရတဲ့ သုံးပွင့်ဆိုင်ဇာတ်တော့ မဟုတ်ပါဘူး။ ခပ်အေးအေးနဲ့ ဇာတ်လေးက သွားထားပါတယ်။ မမြတ်လေး@အေးမြတ်သူနဲ့ ကိုယ်က အိမ်ထောင်သည်တွေပေါ့နော်။ ဒီဇာတ်ကားကို ကမ်းလှမ်းထားတာ ကြာပြီမို့ ဒီနှစ်မှ ရိုက်ဖြစ်တာပါ”လို့ သရုပ်ဆောင် ကျော်ဆုက MT Entertainment ကို ပြောပါတယ်။






အဆိုပါ ဇာတ်ကားကို ဇာတ်လမ်း Johnny၊ ဇာတ်ညွှန်း ခေတ်ရှေးညိုက ရေးသားပြီး ဒါရိုက်တာ MAUI က သုံးပွင့်ဆိုင်အချစ်ဇာတ်လမ်းပုံစံကို လာမယ့် ဖေဖော်ဝါရီ တတိယပတ်လောက်မှာ ပင်းတယမြို့နယ်ဘက် သွားရောက်ရိုက်ကူး ပုံဖော်သွားမယ်လို့ သိရပါတယ်။
သရုပ်ဆောင်တွေအနေနဲ့ ကျော်ဆု၊ ဒေါင်းဝေ၊ ရဲထွဋ်မင်းခေါင်၊ ဈာန်ထူး၊ အကယ်ဒမီအေးမြတ်သူ၊ ခင်စန်းဝင်း၊ သီရိမြတ်သွယ်၊ မြတ်လဲ့လဲ့ကို၊ အောင်ခန့်ကျော်၊ မင်းခန့်၊ ရဲရင့်ထွန်း၊ ခီဆာခင်၊ ဟေရတီလင်း၊ အေးရွှေရည်အောင်နဲ့ အခြားသရုပ်ဆောင်တွေလည်း ပါဝင်ကြမှာဖြစ်ပါတယ်။