◾️ အဆိုပါလုပ်ငန်းကြီးအား နှောက်ယှက်ဖျက်စီးလိုသည့် အကြမ်းဖက်သမားများက ကော်မတီဝင် ၁ ဦးကို သတ်ဖြတ်ခဲ့သလို ၂၁ ဦး ဖမ်းဆီးခံခဲ့ရပြီး ၁၉ ဦးသာ ပြန်လွတ်မြောက်သေး၍ ကျန် ၂ ဦးအား လွတ်မြောက်ရေးဆောင်ရွက်နေဟုပါ ပြောကြား
၃၁. ၁၂. ၂၀၂၄
Written by Nyein Kyaw
၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား နိုင်ငံတကာ အကူအညီမပါဘဲ အောင်မြင်စွာ ဆောင် ရွက်နိုင်ခဲ့၍ သမိုင်းဝင်မှတ်တိုင်တစ်ခုအနေဖြင့် မှတ်ကျောက်တင်နိုင်ခဲ့ကြောင်း ယနေ့တွင် နေပြည်တော်ရှိ MICC-2 ၌ ပြုလုပ်သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ခြင်း အခမ်းအနားတွင် လူဝင်လူမှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။


၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကြီးအား နိုင်ငံတကာ အကူအညီမပါဘဲ နိုင်ငံတွင်း၌ရှိသည့် လူ့စွမ်းအားအရင်းမြစ်၊ ဘဏ္ဍာငွေအရင်းမြစ်များဖြင့် အခက်အခဲ၊ စိန်ခေါ်မှုများကြားမှ အချင်းချင်းတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်မှု စွမ်းအားများနှင့် အောင်မြင်အောင် ဆောင်ရွက်ခဲ့ခြင်းဖြစ်၍ နိုင်ငံတော်အတွက် သမိုင်းမှတ်တိုင်တစ်ခုအနေဖြင့် မှတ်ကျောက်တင်နိုင်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်းကြီးကို နှောက်ယှက်ဖျက်ဆီးလိုသည့် အကြမ်းဖက်အဖွဲ့အစည်းများက စာရင်းစစ်/စာရင်းကောက်၊ သန်းခေါင်စာရင်း ကော်မတီဝင် ၁ ဦးကို သတ်ဖြတ်ခဲ့ပြီး ၂၁ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ လက်ရှိတွင် ၁၉ ဦးသာ ပြန်လည်လွတ်မြောက်လာသည့်အတွက် ကျန်ရှိ ၂ ဦးအတွက် လွတ်မြောက်ရေးဆောင်ရွက်လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။
“သက်စွန့်ဆံဖျား သန်းခေါင်စာရင်း ကောက်ယူရင်းကျဆုံးခဲ့တဲ့ သန်းခေါင်စာရင်းကော်မတီဝင် ၁ ဦးကို “ရဲဗလ” ဂုဏ်ထူးဆောင်တံဆိပ် ချီးမြှင့်ခဲ့ပြီး သက်စွန့်ဆံဖျား ကြိုးစားဆောင်ရွက်ခဲ့တဲ့ စာရင်းစစ်၊ စာရင်းကောက်များကိုလည်း စွန့်စွန့်စားစား လုပ်ငန်းအောင်မြင်အောင် ဆောင်ရွက်ခဲ့တဲ့အတွက် ဂုဏ်ထူးဆောင်ဘွဲ့များရရှိရေး တင်ပြထားပါတယ်” ဟု ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောကြားသည်။
၂၀၂၄ ခုနှစ် လူဦးရေနဲ့ အိမ်အကြောင်းအရာ သန်းခေါင်စာရင်းအား ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၃၀ ရက် ညသန်းခေါင်ယံအချိန်ကို သန်းခေါင်စာရင်း ရည်ညွှန်းချိန်အဖြစ် သတ်မှတ်ပြီး အောက်တိုဘာလ ၁ ရက်မှ ၁၅ ရက်အထိ ကောက်ယူခဲ့ခြင်းဖြစ်ပြီး လုံခြုံရေးနှင့် လမ်းပန်းဆက်သွယ်ရေးအခြေအနေများကြောင့် ဒေသအချို့တွင် ရက်တိုးမြှင့် ကောက်ယူခဲ့ခြင်းများလည်းရှိခဲ့သည်။

ယင်းကဲ့သို့ ဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း၏ ရှေ့ပြေးလူဦးရေစာရင်း ထုတ်ပြန်ကြေညာချက်အား ယနေ့တွင် ထုတ်ပြန်နိုင်ခဲ့ပြီး ၂၀၂၄ ခုနှစ်တွင် မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁ ဒသမ ၃ သန်းဖြစ်ကာ ပြီးခဲ့သည့် ၁၀ နှစ်က လူဦးရေထက် အနည်းငယ်လျော့ကျသွားခဲ့ကြောင်း ဖော်ပြထားသည်။
