
၃၁.၁၂.၂၀၂၄
Written by Nay Moe
မကွေးတိုင်း၊ ပခုက္ကူမြို့မှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေလိုက်ပါလာတဲ့ ကင်းလှည့်ယာဥ်တစ်စီးကို PDF သုံးဖွဲ့ပေါင်းတိုက်ခိုက်မှုမှာ ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိတယ်လို့ Young Force – UG အဖွဲ့က ဒီမနက်မှာ ထုတ်ပြန်ပါတယ်။




ဖြစ်စဥ်က မနေ့က ဒီဇင်ဘာ ၃၀ ရက် ညနေ ၄ နာရီခွဲခန့်အချိန်မှာ မကွေးတိုင်း၊ ပခုက္ကူမြို့၊ စက်မှုဇုန် ၁ လမ်းမှာ စက်မှုဇုန်ဂိတ်ကနေ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ လိုက်ပါလာတဲ့ ကားကို PDF သုံးဖွဲ့ပေါင်းပြီး လမ်းဘေးကစောင့်ကြိုကာ ဝိုင်းဝန်း ပစ်ခတ်တိုက်ခိုက်ခဲ့ရာက တပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး လက်နက် ၄ လက်ရရှိခဲ့တယ်လို့ ရုပ်သံနဲ့တကွထုတ်ပြန်လာတာပါ။
Young Force UG ထုတ်ပြန်ထားတဲ့ရုပ်သံမှာလည်း အရပ်သား ဆိုင်ကယ်တစ်စီးက မောင်းဝင်လာချိန် တူရူကလာနေတဲ့ကားကို ဝိုင်းပြီးတော့ အချက်ရာချီ ပစ်ခတ်တာမြင်ရပြီး လမ်းဘေးထိုးရပ်သွားချိန်မှာ သေနတ်တွေယူတာ မြင်ရသလို သာမန်အရပ်သားဖြတ်လာချိန်ပစ်ခတ်လို့ ဝေဖန်ကြမှုအပေါ် ဆိုင်ကယ်သမားမသေကြောင်းနဲ့ ဆိုင်ကယ်သမားကိုလည်း ဒလန်လို့ တစ်ပြန်စီးစွပ်စွဲထားပါတယ်။
ဒီတိုက်ခိုက်မှုကနေ MA 3 ၄ လက်၊ ကျည်ဘောက် ၈ ခု၊ ကျည် ၁၆၈ တောင့်နဲ့ ဖုန်းတစ်လုံး သိမ်းဆည်းရရှိခဲ့သလို ဒီ စစ်ဆင်ရေးကို ပခုက္ကူမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Pakokku People Defense Force၊ Young Force UG နဲ့ Pakokku Ranger တို့ ပူးပေါင်းဆောင်ရွက်တာလို့လည်း ပြောပါတယ်။