
၃၁.၁၂.၂၀၂၄
Translated by Htwe Ko Tun
တောင်ကိုရီးယားနိုင်ငံတရားရုံးတစ်ရုံးက ဒီဇင်ဘာလ ၃ ရက်မှာ စစ်အုပ်ချုပ်ရေးပြဌာန်းဖို့ကြိုးစားခဲ့တာကြောင့် သမ္မတတာဝန်ကဆိုင်းငံ့ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်ဆပ်ယိုလ်ကို ဖမ်းဆီးခွင့် ဖမ်းဝရမ်းထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။
ဆူပူအုံကြွမှုနဲ့ နိုင်ငံတော်သစ္စာဖောက်မှုတို့နဲ့ တရားစွဲခံရပြီး စုံစမ်းစစ်ဆေးမှုတွေရင်ဆိုင်နေရတဲ့ ယွန်က ပြီးခဲ့တဲ့နှစ်ပတ်အတွင်း စစ်ဆေးမေးမြန်းဖို့ တရားရုံးက သုံးကြိမ်ဆင့်ခေါ်ခဲ့တာကို လျစ်လျူရှုပြီး မလာရောက်ဘဲ နေခဲ့ပါတယ်။
ဒီဇင်ဘာလ ၂၉ ရက်ညမှာတော့ စုံထောက်တွေက သမ္မတယွန်ကို ဆူပူအုံကြွမှုနဲ့ အာဏာအလွဲသုံးစားပြုမှု တရားစွဲချက်တွေအတွက် ဖမ်းဝရမ်းထုတ်ပြန်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ယွန်ရဲ့ရှေ့နေကတော့ ဒီလိုပြုလုပ်မှုက တရားဥပဒေနဲ့မညီဘူးလို့ ပြောခဲ့ပါတယ်။
ယွန်က ဒီဇင်ဘာလ ၃ ရက်မှာ အချိန်အားဖြင့် ခြောက်နာရီခန့်သာကြာတဲ့ မအောင်မြင်တဲ့စစ်အုပ်ချုပ်ရေးအမိန့် ထုတ်ပြန်ဖို့ကြိုးစားခဲ့တာကစလို့ တောင်ကိုရီးယားနိုင်ငံအနေနဲ့ နိုင်ငံရေးအကျပ်အတည်း အခြေအနေတစ်ရပ်အတွင်း ရောက်ရှိခဲ့ရတာပါ။ ယွန်ကိုရော သူ့အရိုက်အရာဆက်ခံမယ့်နောက်တစ်ယောက်ကိုပါ အယုံအကြည်မရှိ စွပ်စွဲပြစ်တင်တဲ့အဆိုကို ပါလီမန်က အတည်ပြုခဲ့ပါတယ်။
အခုအခြေအနေအရ ယွန်အနေနဲ့ သမ္မတအဖြစ် တာဝန်ယူထားတုန်းမှာ ဖမ်းဆီးခြင်းခံရတဲ့ တောင်ကိုရီးယားနိုင်ငံရဲ့ ပထမဆုံး သမ္မတဖြစ်လာမှာပါ။ တရားရုံးရဲ့ ဖမ်းဝရမ်းက စုံထောက်တွေကို သမ္မတယွန်အား စစ်ဆေးမေးမြန်းဖို့ ၄၈ နာရီ ဖမ်းဆီးချုပ်နှောင်ခွင့်ပေးမှာဖြစ်ပါတယ်။ ဒါပေမယ့် ယွန် ရဲ့ လုံခြုံရေးအဖွဲ့နဲ့ ဆန္ဒပြသူတွေက ပိတ်ပင်တားဆီးမှုပြုလာရင် စုံထောက်တွေအနေနဲ့ ဖမ်းဝရမ်းကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်မလားဆိုတာ ကောင်းစွာမရှင်းလင်းဘူးလို့ သိရပါတယ်။
ယွန်ရဲ့ လုံခြုံရေးအဖွဲ့အစည်းကတော့ စုံထောက်တွေကို သမ္မတရုံးခြံဝင်းနဲ့ ပုဂ္ဂလိကနေအိမ်အတွင်းတို့ကို တရားရုံးအတည် ပြုတဲ့ ရှာဖွေရေးလုပ်ငန်းတွေလုပ်ဖို့ ဝင်ရောက်တာကို အစောပိုင်းထဲက ကန့်ကွက်တားမြစ်ထားပါတယ်။
အရင်ကလည်း တောင်ကိုရီးယားနိုင်ငံမှာ ထင်ရှားတဲ့နိုင်ငံရေးသမားတွေရဲ့လက်ထောက်တွေနဲ့ ထောက်ခံဆန္ဒပြသူတွေက ရဲတပ်ဖွဲ့က နိုင်ငံရေးသမားတွေကို ဖမ်းဖို့ကြိုးစားချက်တွေကို အကြမ်းဖက်တားဆီးမှုတွေ လုပ်ခဲ့ပြီးနောက်မှာ အာဏာပိုင်တွေအနေနဲ့ ဖမ်းဆီးရန်ကြိုးစားမှုတွေကို လက်လျှော့ခဲ့ရဖူးပါတယ်။
ဒီဇင်ဘာလ ၃၀ ရက်မှာတော့ ယွန်ရဲ့ ဥပဒေအဖွဲ့က စုံထောက်တွေအနေနဲ့ ယွန်ကိုဖမ်းဆီးဖို့ အခွင့်အာဏာ လုံးဝမရှိဘူးလို့ ပြောခဲ့ကြပါတယ်။ သူတို့က စစ်အုပ်ချုပ်ရေးကြေညာမှုက သမ္မတတစ်ယောက်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအရ အခွင့် အာဏာသာဖြစ်တယ်လို့လည်း ပြောခဲ့ကြပါတယ်။
ယွန်က အစောပိုင်းမှာသူ့ရဲ့ စစ်အုပ်ချုပ်ရေးကြေညာဖို့ ဆုံးဖြတ်ချက်ကို ကာကွယ်ပြောကြားခဲ့ပြီး အဆုံးထိတိုက်ပွဲဝင်သွားမယ်လို့ သန္နိဌာန်ချခဲ့ပါတယ်။ ဒါပေမယ့် သူက ဥပဒေကြောင်းအရနဲ့ နိုင်ငံရေးဆိုင်ရာ တာဝန်ရှိမှုတွေကိုတော့ ရှောင်လွှဲမရနိုင်ဘူးလို့ ပြောခဲ့ပါတယ်။
ယွန်ရဲ့ ရှေ့နေဖြစ်တဲ့ ယွန်ဂတ်ဂျွန်ကလည်း ယွန်အနေနဲ့ ဆင့်ခေါ်မှုသုံးကြိမ်ကို ရှောင်လွဲခဲ့တာကလည်း ဥပဒေအရ အရေးကိစ္စတွေကြောင့်လို့ ပြောခဲ့ပါတယ်။ အခုအခါ သမ္မတယွန်အနေနဲ့ ဘယ်မှာရှိနေတယ်ဆိုတာ လူသိရှင်ကြားမသိကြပါဘူး။ ဒါပေမယ့် သူ့ကိုနိုင်ငံမှထွက်ခွာခွင့်ကိုတော့ တားမြစ်ထားပါတယ်။
ယွန်ကို လွှတ်တော်အမတ်တွေက အယုံအကြည်မရှိ ပြစ်တင်ရှုတ်ချပြီးတဲ့နောက် ဒီဇင်ဘာလ ၁၄ ရက်ကစလို့ သမ္မတတာဝန်တွေကို ဆိုင်းငံ့ခံထားရပေမယ့် ဒီပြစ်တင်ရှုတ်ချမှုကို ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ ခုံရုံးကပါ လက်ခံအတည်ပြုမှာ ယွန်အနေနဲ့ သမ္မတအဖြစ်က ဖယ်ရှားခံရမှာပါ။
Ref- bbc