
၃၁.၁၂.၂၀၂၄
Translated by Htwe Ko Tun
တရုတ်ပြည်သူ့သမ္မတနိုင်ငံက ခက်ခဲကြမ်းတမ်းတဲ့ စမ်းသပ်မှုတွေကိုပြုလုပ်ပြီးတော့ အခုဆိုရင် စစ်မြေပြင်မှာတပ်ဖြန့်ချထားဖို့အထိဖြစ်နေတဲ့ စက်ရုပ်စစ်သား ၁၀၀၀၀ အထိကို ချိတ်ဆက်နိုင်တဲ့ ကမ္ဘာ့ပထမဆုံး မိုဘိုင်း 5G အခြေစိုက်တပ်စခန်းတစ်ခုကို ထုတ်ဖော်ပြသခဲ့ပြီးဖြစ်တယ်လို့ သိရပါတယ်။
China Mobile Communications Group နဲ့ တရုတ်လွတ်မြောက်ရေးတပ်မတော်တို့ ပူးပေါင်းဖန်တီးခဲ့တဲ့ဒီစနစ်က သုံးကီလိုမီတာ(၁ ဒသမ ၈ မိုင်)အချင်းဝက်အတွင်းမှာ အနည်းဆုံး စနစ်အသုံးပြုသူ ၁၀,၀၀၀ ဆီကို မကြုံစဖူးအမြန်နှုန်းနဲ့ ယုံကြည်စိတ်ချရတဲ့အချက်အလက်ဖလှယ်ဝန်ဆောင်မှု တွေကို ဆောင်ရွက်ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
တရုတ်မိုဘိုင်းလွတ်မြောက်ရေးတပ်ဖွဲ့တွေအနေနဲ့ တောင်ကုန်းတောင်တန်းတွေ ဒါမှမဟုတ် မြို့တွေလို ရှုပ်ထွေးတဲ့မြေအနေအထားတွေမှာ အမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၈၀ နှုန်း(တစ်နာရီ မိုင်၅၀ နှုန်း) လောက်နဲ့ ချီတက်နေတာတောင် လျှပ်စစ်သံလိုက်စွက်ဖက်မှုတွေရှိနေနိုင်ပေမယ့် စနစ်က အနှောင့်အယှက်မရှိဘဲ တစ်စက္ကန့်ကို ၁၀ ဂစ်ဂါဘိုက်နှုန်းနဲ့ ဆက်သွယ်မှုပြုနိုင်ပါတယ်။
တရုတ်နိုင်ငံဟာ အခုအခါ ကမ္ဘာပေါ်မှာအကြီးမားဆုံး လူလိုက်ပါခြင်းမရှိတဲ့ မောင်းသူမဲ့စစ်တပ်ကိုတည်ဆောက်နေပြီး အနာဂတ်ကာလစစ်မြေပြင်တွေမှာဆိုရင် ဈေးသိပ်မကြီးတဲ့ မောင်းသူမဲ့လေယာဉ်ဒရုန်းတွေ၊ စက်ရုပ်ခွေးတွေနဲ့ တခြားမောင်းသူမဲ့တိုက်ခိုက်ရေးပလက်ဖောင်းအမျိုးမျိုးက လူသားစစ်သည်တွေထက် အရေအတွက်ပိုများလာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် လက်ရှိအသုံးပြုနေကြတဲ့စစ်တပ်တွေရဲ့ ဆက်သွယ်ရေးနည်းပညာတွေက ထောင်ပေါင်းများစွာသော စက်ရုပ်စစ်သည်တွေအကြား သတင်းအချက်အလက်ဖလှယ်မှုအတွက် လိုအပ်ချက်တွေကို မဖြည့်ဆည်းပေးနိုင်သေးပါဘူး။
စစ်ဘက်ကသုံးတဲ့ 5G စနစ်က အရပ်ဘက်သုံးတဲ့မျိုးကွဲနဲ့ သိသိသာသာ ကွာခြားတယ်ဆိုပါတယ်။ တရုတ်လွတ်မြောက်ရေးတပ်မတော်ဆိုရင် မြေပြင်အခြေစိုက်စခန်းတွေမရှိခဲ့ရင်ဒါမှမဟုတ် ဂြိုဟ်တုအ ချက်ပြမှုတွေလိုအပ်နေတဲ့အခါမှာ အတန့်အတားမရှိချိတ်ဆက်မှုကို လိုအပ်နေသေးတယ်လိုကဆိုပါ တယ်။
၂၀၂၀ ပြည့်နှစ် မှာ အမေရိကန်ပြည်ထောင်စုကလည်း ကမ္ဘာ့အကြီးမားဆုံး 5G နည်းပညာ စစ်ဘက် လှုပ်ရှားမှုစနစ်ကို စတင်ဆောင်ရွက်ခဲ့ပါသေးတယ်။ ဒါပေမယ့် နည်းပညာစိန်ခေါ်မှုတွေကြောင့် တိုးတက်မှုမှာ နှေးကွေးနေရတယ်ဆိုပါတယ်။ ဒီဆောင်ရွက်မှုက အမေရိကန်စစ်တပ်အတွက် အတိုင်းအတာတစ်ခုအထိ ကျေနပ်ဖွယ်ရလဒ်ရစေခဲ့တယ်ဆိုပေမယ့် တရုတ်လွတ်မြောက်ရေးတပ်မတော်ရဲ့လိုအပ်ချက်တွေနဲ့နှိုင်းယှဉ်ရင် လိုရာအထိမရောက်သေးဘူးလို့လည်း ဆိုကြပါတယ်။
ဒီနည်းပညာတွေတိုးတက်လာတာနဲ့အမျှတော့ အနာဂတ်မှာ လူသားမပါတဲ့ တိုက်ခိုက်ရေးယာဉ်တွေ၊ စက်ရုပ်စစ်သည်တွေနဲ့ဖွဲ့စည်းထားတဲ့ စစ်တပ်ကြီးတွေပေါ်ထွန်းလာမယ်လို့မျှော်လင့်ထားကြပါတယ်။
Ref- SCMP
