ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကို တွေ့ရစဥ်

၁၁. ၁. ၂၀၂၃
Written by Ye Kyaw

လူအများအပြားသေကျေစေသည့် လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှုဆိုင်ရာ တာဝန်ဝတ္တရားများနှင့် ပက်သက်၍ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဇန်နဝါရီ ၁၀ ရက်တွင် ပြုလုပ်ခဲ့သည့် ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှု တိုက်ဖျက်ရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးတွင် ပြောကြားသည်။

လူအများအပြားသေကျေစေသည့်လက်နက်များ ပြန့်ပွားစေရန် ငွေကြေးထောက်ပံ့မှုအပေါ် ဘဏ္ဍာရေးအရ ပစ်မှတ်ထားအရေးယူမှုဆိုင်ရာတာဝန် ဝတ္တရားများနှင့် ပတ်သက်၍ အသိပညာပေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်ရန်နှင့် ရှေ့ဆောင်ရွက်ရမည့်ကိစ္စရပ်များကိုဆွေးနွေးပြီး အာရှ-ပစိဖိတ်ဒေသ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးအဖွဲ့သို့ လာမည့်ဖေဖော်ဝါရီ ၁ ရက်မတိုင်မီ စံနှုန်းသတ်မှတ်ချက်တောင်းခံရာတွင် တိုးမြှင့်ရရှိစေရေးအတွက် ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။

ထို့ပြင် နည်းပညာပိုင်းဆိုင်ရာ လိုက်နာအကောင်အထည် ဖော်ဆောင်ရွက်မှု အကြံပြုချက်များအပေါ် စံနှုန်းသတ်မှတ်ချက်တိုးမြှင့်တောင်းခံနိုင်ရေးနှင့် ထပ်မံထုတ်ပြန်မည့် အမိန့်ညွှန်ကြားချက်များကို သတ်မှတ်ထားသည့်ကာလအတွင်း အပြီးဆောင်ရွက်ရန်၊ နိုင်ငံတကာမိတ်ဖက်အဖွဲ့အစည်းများနှင့် သတင်းအချက်အလက်ဖလှယ်ခြင်း၊ ပူးပေါင်း ဆောင်ရွက်ခြင်းများကို တိုးမြှင့်ဆောင်ရွက်ရန်၊ ငွေကြေးဆိုင်ရာထောက်လှမ်းရေး သတင်းအချက်အလက်များပေးခြင်းကို တိုးမြှင့်ဆောင်ရွက်ရန်၊ နိုင်ငံဖြတ်ကျော်ငွေကြေးခဝါချမှုများကို စုံစမ်းစစ်ဆေးရာတွင် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုကို တရားဝင်လမ်းကြောင်းနှင့် အလွတ်သဘော (Informal) လမ်းကြောင်းနှစ်ရပ်လုံးဖြင့်ဆောင်ရွက်ရန် စသည်တို့ကို ဆွေးနွေးခဲ့ကြောင်း သိရသည်။

ငွေကြေးခဝါချမှုအန္တရာယ်များကို နားလည်သိရှိမှုတိုးတက်ကြောင်းပြသရန်၊ အသိပညာဖြန့်ဝေခြင်း၊ မှတ်ပုံတင်ခြင်း၊ ကြီးကြပ်ခြင်းအပါအဝင် ဟွန်ဒီလုပ်ငန်းများနှင့် ဆက်စပ်သည့်စည်းမျဉ်းများကို အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်သည်။

၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလတွင် Financial Action Task Force-(FATF) က မြန်မာနိုင်ငံကို တိုးတက်ဆောင်ရွက်မှုများ စောင့်ကြည့်မည့် နိုင်ငံနှင့်ဒေသများ (Grey List) စာရင်းတွင် ထည့်သွင်း သတ်မှတ်ခဲ့သည့်အတွက် အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ မိမိတို့နိုင်ငံ၏ ဆောင်ရွက်ချက်များကို အာရှ-ပစိဖိတ်ဒေသပူးတွဲအဖွဲ့ (APJG) သို့ တိုးတက်မှု အစီရင်ခံစာ (၄) လ တစ်ကြိမ်ပေးပို့ရခြင်း၊ မျက်နှာချင်းဆိုင် အစည်းအဝေးများ တက်ရောက်ရခြင်း၊ စံနှုန်းသတ်မှတ်ချက်နိမ့်သည့် အကြံပြုချက်များအပေါ် စံနှုန်းသတ်မှတ်ချက် တိုးမြှင့်ပေးနိုင်ရေးနှင့် (Asia Pacific Group On Money Laundering- APG) သို့ တစ်နှစ်လျှင် တစ်ကြိမ် မြန်မာနိုင်ငံ၏ စဥ်ဆက်မပြတ်တိုးတက်မှု အစီရင်ခံစာပေးပို့ခဲ့ကြောင်း သိရသည်။

ယင်းကဲ့သို့ ကြိုးစားဆောင်ရွက်မှုကြောင့် FATF ၏ အကြံပြုချက်အချို့တွင် စံနှုန်းတိုးတက် ကောင်းမွန်မှုများရရှိပြီးဖြစ်ကြောင်း၊ အကောင်အထည်ဖော်ဆောင်ရွက်မည့် အစီအမံပါ တိုးတက်ဆောင်ရွက်ချက်များကို APJG သို့ ခြောက်ကြိမ်ပေးပို့ခဲ့ပြီးဖြစ်သည်။

၂၀၂၂ ခုနှစ် နိုဝင်ဘာလမှစ၍ မြန်မာနိုင်ငံ၏ ငွေကြေးခဝါချမှုနှင့် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးဆိုင်ရာ အားနည်းချက်များကြောင့် ထည့်သွင်းခြင်းခံရသည့် ငွေကြေးဆိုင်ရာအရေးယူဆောင်ရွက်ရေးအဖွဲ့ (FATF)၏ ဆုံးရှုံးနိုင်ခြေမြင့်မားသောနိုင်ငံနှင့် ဒေသများစာရင်းမှ အမြန်ဆုံးလွတ်မြောက်စေရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဗဟိုဘဏ်ဥက္ကဋ္ဌက ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *