သတိုး
၈. ၈. ၂၀၂၆
တောင်ဆူဒန်နှင့် မြန်မာနိုင်ငံတို့မှ ပြည်သူများအတွက် ယာယီအကာအကွယ်ပေးထားသည့် ခိုလှုံခွင့် အဆင့် (TPS) ကို ဒေါ်နယ်ဒ်ထရမ့်ပ်အစိုးရအဖွဲ့က ရုပ်သိမ်းနိုင်ရန် ဖက်ဒရယ်တရားသူကြီး နှစ်ဦးက လမ်းဖွင့်ပေးခဲ့ပြီး ပြည်နှင်ဒဏ် အပေးမခံရမှုကို အကာအကွယ်ပေးနိုင်ရေး ဆက်လက်ထိန်းသိမ်းထားရန် ဥပဒေကြောင်းအရ ကြိုးပမ်းမှုများကို ပယ်ချခဲ့သည်။ အဆိုပါ ဆုံးဖြတ်ချက်များသည် အစိုးရ၏ ယင်းအစီအစဉ် ရုပ်သိမ်းရန် ကြိုးပမ်းမှုများကို အောက်ခြေတရားရုံးများက တားဆီးပိတ်ပင်နိုင်သည့် လုပ်ပိုင်ခွင့်ကို ကန့်သတ်လိုက်သော အမေရိကန် တရားလွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်အပြီးတွင် ထွက်ပေါ်လာခြင်းဖြစ်သည်။
မာဆာချူးဆက်ပြည်နယ်၊ ဘော့စတန်နှင့် အီလီနွိုင်းပြည်နယ်၊ ချီကာဂိုမြို့တို့မှ တရားသူကြီးများသည် တောင်ဆူဒန်နှင့် မြန်မာနိုင်ငံတို့အတွက် TPS အဆင့်ကို ထိန်းသိမ်းထားနိုင်ရေး ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများ၏ နောက်ဆုံးကြိုးပမ်းမှုများကို သောကြာနေ့က ပယ်ချခဲ့သည်။
အမေရိကန် တရားလွှတ်တော်ချုပ်က ဟေတီနှင့် ဆီးရီးယားနိုင်ငံတို့မှ လူပေါင်းထောင်ပေါင်းများစွာအတွက် အလားတူ အကာအကွယ်ပေးထားမှုများကို အစိုးရအဖွဲ့က ရုပ်သိမ်းနိုင်ကြောင်း လွန်ခဲ့သည့် ဇွန်လတွင် စီရင်ထုံးပြုခဲ့ပြီးနောက် ဤဥပဒေကြောင်းအရ စိန်ခေါ်မှုများ ထွက်ပေါ်လာခဲ့ခြင်း ဖြစ်သည်။
TPS အစီအစဉ်သည် ၎င်းတို့၏ မိခင်နိုင်ငံများတွင် လက်နက်ကိုင်ပဋိပက္ခများ၊ သဘာဝဘေးအန္တရာယ်များ သို့မဟုတ် အခြားသော ပုံမှန်မဟုတ်သည့် အခြေအနေများ ကြုံတွေ့နေရချိန်တွင် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်မှ ကာကွယ်ပေးထားပြီး အမေရိကန်တွင် အလုပ်လုပ်ကိုင်ခွင့် ပြုထားခြင်းဖြစ်သည်။
ရိုက်တာသတင်းဌာန၏ ဖော်ပြချက်အရ အဆိုပါ အစီအစဉ် ရုပ်သိမ်းလိုက်ပါက တောင်ဆူဒန်နိုင်ငံသား ၂၃၂ ဦးခန့်နှင့် မြန်မာနိုင်ငံသား ၄,၀၀၀ ခန့်ကို ထိခိုက်မှု ရှိလာမည်ဖြစ်သည်။
◾️ တရားလွှတ်တော်ချုပ်၏ စီရင်ထုံးက ဥပဒေရေးရာ တိုက်ပွဲကို ပုံဖော်
တရားလွှတ်တော်ချုပ်က အမိမြေလုံခြုံရေးဝန်ကြီးဌာန (DHS) အနေဖြင့် TPS အစီအစဉ်နှင့် ပတ်သက်၍ ဆုံးဖြတ်ချက်များ ချမှတ်ရန် ကျယ်ပြန့်သော အုပ်ချုပ်ရေးဆိုင်ရာ လုပ်ပိုင်ခွင့်ရှိကြောင်းနှင့် ထိုလုပ်ဆောင်ချက်များကို အောက်ခြေတရားရုံးများက တားဆီးပိတ်ပင်နိုင်သည့် လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားကြောင်း ဆုံးဖြတ်ခဲ့သည်။
အဆိုပါ စီရင်ထုံး ထွက်ပေါ်လာပြီးနောက် ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေးဆိုင်ရာ ရှေ့နေများက DHS အနေဖြင့် TPS ကို ရုပ်သိမ်းပိုင်ခွင့် လုပ်ပိုင်ခွင့်မရှိကြောင်း လျှောက်လဲခဲ့ကြသည်။
သို့သော် ဘော့စတန်ရှိ အမေရိကန် ခရိုင်တရားသူကြီး ပက်တီဆာရစ် (Patti Saris) က ယင်းသို့ ကောက်ယူအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် TPS ကို ရုပ်သိမ်းရန် DHS ၏ လုပ်ပိုင်ခွင့်ကို သာမက အကာအကွယ်ပေးမှုများ သက်တမ်းတိုးရန် ၎င်း၏ ကာလရှည်ကြာ လုပ်ပိုင်ခွင့်ကိုပါ ပျက်ပြားစေလိမ့်မည်ဟု ဆိုကာ ယင်းလျှောက်လဲချက်ကို ပယ်ချခဲ့သည်။
နာရီအနည်းငယ်အကြာတွင် ချီကာဂိုရှိ အမေရိကန် ခရိုင်တရားသူကြီး မက်သယူး ကင်းနဲလီ (Matthew Kennelly) ကလည်း မြန်မာနိုင်ငံ သီးသန့်အမှုတွင် အလားတူ ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့သည်။
◾️ ပြည်နှင်ဒဏ်ပေးခံရမည့် အန္တရာယ်အတွက် သတိပေး
ရွှေ့ပြောင်းနေထိုင်သူများ အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများက အဆိုပါ စီရင်ချက်များကြောင့် TPS ရရှိထားသူများသည် တရားရင်ဆိုင်နေစဉ် ကာလအတွင်း အမေရိကန်တွင် ဆက်လက်နေထိုင် လုပ်ကိုင်ခွင့်ပြုထားသည့် “အုပ်ချုပ်ရေးဆိုင်ရာ ဆိုင်းငံ့မိန့်” (Administrative stay) အကာအကွယ်များ ဆုံးရှုံးသွားပြီး ပြည်နှင်ဒဏ်ပေးခံရမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။
အမိမြေလုံခြုံရေးဝန်ကြီးဌာနသည် ပဋိပက္ခများကြောင့် ၂၀၁၁ ခုနှစ်တည်းက TPS ရရှိထားသည့် တောင်ဆူဒန်နှင့် ၂၀၂၁ ခုနှစ် တပ်မတော် အာဏာထိန်းသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုများ ကြုံတွေ့နေရသည့် မြန်မာနိုင်ငံတို့အတွက် TPS ရုပ်သိမ်းရေးကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလတွင် စတင်လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
DHS ၏ အထွေထွေဥပဒေအကြံပေး ဂျေမ်းစ် ပါစီဗယ် (James Percival) က နောက်ဆုံးထွက်ပေါ်လာသည့် စီရင်ချက်များအရ အီသီယိုးပီးယားနှင့် ဆိုမာလီယာ နိုင်ငံသားများအတွက် TPS ရုပ်သိမ်းမည့် အစီအစဉ်တစ်ခုတည်းကိုသာ တရားရုံးများက ဆက်လက်တားဆီးထားတော့ကြောင်း ပြောကြားခဲ့သည်။
“ဒီလို ယာယီဆိုင်းငံ့မိန့်တွေ သက်ရောက်နေတဲ့ ရက်ပေါင်းများစွာဟာ အမေရိကန်ပြည်သူတွေ မဲပေးရွေးချယ်ခဲ့တဲ့ မူဝါဒတွေကို ဖော်ဆောင်ခွင့်မရဘဲ ငြင်းပယ်ခံနေရတာ ဖြစ်ပါတယ်” ဟု ပါစီဗယ်က X လူမှုကွန်ရက်တွင် ရေးသားခဲ့သည်။
Ref : First Post
