နေမိုး
၈. ၈. ၂၀၂၆
နေအိမ်တွင် ရှိနေသည့် သက်ကြီးပိုင်း လက်နက်မဲ့ရာအိမ်မှူးတစ်ဦးအပါအဝင် အဘိုးအိုနှစ်ဦးကို ပဲခူး PDF များက သေနတ်၊ ဓားများဖြင့် ထိုးခုတ်သတ်ဖြတ်ပြီး ငွေနှင့် ဆိုင်ကယ်များ လုယက်သွားမှု သာယာ၀တီမြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
NUG ဩဇာခံ ပဲခူး PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၄ ရက် ည ၁၁ နာရီတွင် ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီမြို့နယ်၊ မင်းလမ်းကျေးရွာနေ ဦးကျော်အောင်(၇၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF များ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး ဓားဖြင့် ထိုးခုတ်သတ်ဖြတ်ကာ နေအိမ်ဗီရိုအတွင်းမှ ငွေကျပ် ၃ သိန်းနှင့် ခြံဝင်းအတွင်းရပ်ထားသည့် ဆိုင်ကယ် တစ်စီးတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အလားတူ ည ၁၂ နာရီ ၂၀ မိနစ်တွင် သာယာဝတီမြို့နယ်၊ မြိုင်သာယာကျေးရွာနေ ရာအိမ်မှူး ဦးမြင့်ကြိုင်(၆၀)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF များ (အင်အားစိစစ်ဆဲ) ရောက်ရှိလာပြီး သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်၍ နေအိမ်ရှိ သေတ္တာအတွင်းမှ ငွေကျပ် ၃၄ သိန်းနှင့် တစ်ရွာတည်းနေ ရာအိမ်မှူး ဦးလှဝင်း(၇၀)နှစ်၏ နေအိမ်မှ ဆိုင်ကယ် သုံးစီးနှင့် လက်ကိုင်ဖုန်း တစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့သဖြင့် ဦးမြင့်ကြိုင်တွင် ကျည်ထိမှန်ဒဏ်ရာများရရှိကာ သေဆုံးသွားခဲ့ကြောင်း သိရသည်။

ပဲခူးတိုင်းသည် လက်နက်မဲ့ နိုင်ငံ့ဝန်ထမ်းများ၊ အုပ်ချုပ်ရေးမှူးများနှင့် အပြစ်မဲ့ပြည်သူများကို PDF များက သတ်ဖြတ်မှုများပြားသည့် တိုင်းဒေသကြီးဖြစ်သော်လည်း ကျူးလွန်သည့် PDF များအား နှိမ်နင်းအရေးယူနိုင်မှု နည်းပါးသည်။
နွေဦးတော်လှန်ရေးစတင်ချိန် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ယခုကာလအထိ NUG၊ PDF နှင့် EAOs တို့က ဒလန်၊ သူလျှို၊ ပျူစောထီး၊ အစိုးရယန္တရားလည်ပတ်စေသူဟု စွပ်စွဲကာ အကြမ်းဖက် သတ်ဖြတ်မှုများကြောင့် အပြစ်မဲ့အရပ်သားများ၊ သံဃာတော်များ၊ ကလေးသူငယ်များ၊ အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူများ၊ အစိုးရဝန်ထမ်းများ စုစုပေါင်း ၁၀၀၀၀ ကျော် သတ်ဖြတ်ခံခဲ့ရကာ ၁၅၀၀၀ အထက် ဒဏ်ရာရရှိခဲ့သည်။
