သက်တံ့
၈. ၈. ၂၀၂၆
အိန္ဒိယနိုင်ငံ၊ ဟိမာချယ်ပရာဒေးရှ်ပြည်နယ်၊ ချမ်ဘာခရိုင်တွင် တောင်ပေါ်ဒေသ၌ မောင်းနှင်နေသည့် ကိုယ်ပိုင်ဘတ်စ်ကားတစ်စီး တိမ်းမှောက်ပြီး အောက်ဘက်လမ်းပေါ်သို့ အတားအဆီးမရှိ ပြုတ်ကျသွားခဲ့သဖြင့် ခရီးသည် အနည်းဆုံး ၇ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ PTI သတင်းဌာနက ဖော်ပြခဲ့သည်။
အဆိုပါ ဘတ်စ်ကားသည် ဘိုင်ရာဂါမှ ချမ်ဘာသို့ မောင်းနှင်လာခြင်းဖြစ်သည်။ အခင်းဖြစ်ပွားမှုမှာ ဘိုင်ရာဂါ-တီဆာ လမ်းပေါ်ရှိ ချာလွန်းဂျ်ကွေ့ (Chalunj Mor) အနီးတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ စူရာတောင်ကြားတွင် တည်ရှိသော အဆိုပါ တောင်ပေါ်ဒေသလမ်းကြောင်းသည် မတ်စောက်ပြီး လမ်းကျဉ်းမြောင်းသည့်အတွက် အန္တရာယ်များလှကြောင်း ရဲတပ်ဖွဲ့၏ ပြောကြားချက်ကို ကိုးကား၍ PTI က ဖော်ပြထားသည်။
ချမ်ဘာခရိုင် ရဲမှူး ဗီဂျေး ဆက်ကလာနီ (Vijay Saklani) က လူသေဆုံးမှုနှင့် ဒဏ်ရာရရှိမှုများကို အတည်ပြုခဲ့သော်လည်း ဘတ်စ်ကားပေါ်တွင် စုစုပေါင်း ခရီးသည် မည်မျှပါဝင်သည်ကို မသိရသေးကြောင်း သတင်းဌာနသို့ ပြောကြားခဲ့သည်။
သေဆုံးသူများမှာ ဂျက်ဒေ့ဗ် (၅၀ နှစ်)၊ ဒေးရှ် ရာဂျ် (၃၅ နှစ်)၊ ဂျာဒေဟီ (၂၄ နှစ်)၊ ဟာဒေဟီ (၄၃ နှစ်)၊ နီလမ် (၃၄ နှစ်)၊ ယာဉ်မောင်း ရူးပ် ဆင်းဂ် (၃၅ နှစ်) နှင့် ယာဉ်နောက်လိုက် တေးဂျ် ဆင်းဂ် (၃၉ နှစ်) တို့ဖြစ်ကြပြီး အားလုံးမှာ ချမ်ဘာခရိုင်၊ စူရာဒေသတွင် နေထိုင်သူများ ဖြစ်ကြသည်။
ဒဏ်ရာရရှိသူများတွင် ကာရန် ဆင်းဂ်၊ ဆုရှ်မီတာ၊ ပနို ဒေဗီ၊ ဒါနီ၊ ဒါမို ဒေဗီ နှင့် ဗီဂျေး ကူးမား တို့အပါအဝင် အသက်မပြည့်သေးသည့် ကလေး ၅ ဦးဖြစ်ကြသော ပရီယန်ကာ၊ ဟာရှာ၊ ကားဗယ၊ အာပရစ် နှင့် နီဟာ တို့ ပါဝင်သည်။
အမျိုးသား သဘာဝဘေးအန္တရာယ် တုံ့ပြန်ရေးတပ်ဖွဲ့ (NDRF)၊ ရဲတပ်ဖွဲ့၊ ပြည်ထဲရေးအရန်တပ်ဖွဲ့ (Home Guards)၊ မီးသတ်ဝန်ဆောင်မှုနှင့် အခွန်ဌာနတို့ ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိသည်။
ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီနှင့် ဟိမာချယ်ပရာဒေးရှ် ပြည်နယ်ဝန်ကြီးချုပ် ဆုခ်ဗင်ဒါ ဆင်းဂ် ဆူခူး (Sukhvinder Singh Sukhu) တို့က ဝမ်းနည်းကြောင်း ထုတ်ဖော်ပြောကြားခဲ့ကြသည်။

“ဟိမာချယ်ပရာဒေးရှ်ပြည်နယ်၊ ချမ်ဘာမှာ ဖြစ်ပွားခဲ့တဲ့ မတော်တဆမှုကြောင့် လူအသက်တွေ ဆုံးရှုံးခဲ့ရတဲ့အတွက် များစွာ ဝမ်းနည်းရပါတယ်။ ကျွန်တော့်ရဲ့ စာနာမှုဟာ မိသားစုဝင်တွေကို ဆုံးရှုံးလိုက်ရတဲ့ ကျန်ရစ်သူ မိသားစုတွေနဲ့အတူ ရှိနေပါတယ်။ ဒဏ်ရာရရှိသူတွေလည်း အမြန်ဆုံး ပြန်လည်သက်သာလာပါစေကြောင်း ဆုတောင်းပေးပါတယ်” ဟု ဝန်ကြီးချုပ်က လူမှုကွန်ရက်ပေါ်တွင် ရေးသားခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ် ဆူခူးကလည်း “ချမ်ဘာခရိုင်၊ တီဆာ-ဘိုင်ရာဂါ လမ်းကြောင်းပေါ်ရှိ ချာလွန်းဂျ်ကွေ့ အနီးမှာ ဖြစ်ပွားခဲ့တဲ့ ဘတ်စ်ကားမှောက်မှုကြောင့် လူ ၇ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိခဲ့တဲ့ သတင်းဟာ ဝမ်းနည်းကြေကွဲစရာ ကောင်းလှပါတယ်။ ဒီဝမ်းနည်းဖွယ် အဖြစ်ဆိုးမှာ ချစ်ခင်ရသူတွေကို ဆုံးရှုံးလိုက်ရတဲ့ မိသားစုတွေနဲ့အတူ ထပ်တူထပ်မျှ ဝမ်းနည်းရပါတယ်” ဟု ရေးသားခဲ့သည်။
ပြည်နယ်ဝန်ကြီးချုပ်က ဆက်လက်၍ “ကွယ်လွန်သူတွေရဲ့ ဝိညာဉ်များကို ဘုရားသခင်က ငြိမ်းချမ်းရာအရပ် ပေးသနားပါစေကြောင်းနဲ့ ကျန်ရစ်သူ မိသားစုတွေကိုလည်း ဒီဝမ်းနည်းပူဆွေးမှုကို ကျော်လွှားနိုင်ဖို့ ခွန်အားတွေ ပေးသနားပါစေကြောင်း ဆုတောင်းပါတယ်။ ဒဏ်ရာရရှိသူ အားလုံးကို အနီးဆုံး ဆေးရုံတွေကို ချက်ချင်း ပို့ဆောင်ကုသပေးဖို့နဲ့ လိုအပ်တဲ့ ပြုစုကုသမှု အစီအစဉ်တွေ ပြုလုပ်ပေးဖို့ ခရိုင်အုပ်ချုပ်ရေးအဖွဲ့ကို ညွှန်ကြားထားပါတယ်။ ဒဏ်ရာရသူတွေ အမြန်ဆုံး ပြန်လည်သက်သာလာဖို့လည်း ဆုတောင်းပေးပါတယ်” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
ရဲတပ်ဖွဲ့က မတော်တဆမှုဖြစ်ပွားရသည့် အကြောင်းရင်းကို စုံစမ်းစစ်ဆေးလျက်ရှိသည်။
ဘတ်စ်ကားမှာ ဇောက်ထိုးမှောက်လျက် ဖြစ်နေသည့် ဗီဒီယိုဖိုင်များမှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေပြီး ဒေသခံများက ဒဏ်ရာရရှိသူများနှင့် ပိတ်မိနေသူများကို ကူညီပေးရန် အပြေးအလွှား လာရောက်ကြသည့် ရုပ်သံများကိုလည်း မြင်တွေ့ရသည်။
ဇွန်လ ၃၀ ရက်မှ ဩဂုတ် ၇ ရက်အထိ ဟိမာချယ်ပရာဒေးရှ်ပြည်နယ်တွင် ယာဉ်မတော်တဆမှုများကြောင့် စုစုပေါင်း လူ ၇၈ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့တာဝန်ရှိသူများ၏ ပြောကြားချက်ကို ကိုးကား၍ PTI က ဖော်ပြထားသည်။
Ref : PTI & Mint
