နေမိုး
၈. ၈. ၂၀၂၆
လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း အေးချမ်းစွာ နေထိုင်လျက်ရှိသော အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်း၊ အဖိုးတန်ပစ္စည်းများ၊ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်လုယက် ယူဆောင်ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များကို လုပ်ဆောင်လျက်ရှိရာ ယခုလည်း ကမ္ဘာ့အမွေအနှစ်ဒေသ ပုဂံညောင်ဦးတွင် PDF ခြောက်ဦးက ကျောင်းဆရာမတစ်ဦးအပါအဝင် ပညာရေးဝန်ထမ်း သုံးဦးအား လက်နက်အားကိုးဖြင့် အကြမ်းဖက်ခြိမ်းခြောက်၍ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများ လုယက်ယူဆောင်သွားမှုဖြစ်ပွားခဲ့သည်။
NUG ဩဇာခံ PDF များ၏ ကျူးလွန်မှုဖြစ်စဉ်မှာ ၂၀၂၆ ခုနှစ်၊ ဩဂုတ် ၅ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပျော့ကန်ကျေးရွာရှိ အခြေခံပညာအလယ်တန်းကျောင်းခွဲသို့ PDF ခြောက်ဦးက သေနတ်များကိုင်ဆောင်၍ ဆိုင်ကယ်သုံးစီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျောင်းတွင် တာဝန်ထမ်းဆောင်နေသည့် အလယ်တန်းပြဆရာမ ဒေါ်အိအိဖြိုး(၃၇)နှစ်၊ အငယ်တန်းစာရေး ဒေါ်ပန်းဖြူပြာစိုး(၃၁)နှစ်နှင့် ကျောင်းသန့်ရှင်းရေး ဒေါ်သူဇာဝင်း(၂၉)နှစ်တို့ သုံးဦးအား အကြမ်းဖက်ခြိမ်းခြောက်၍ ဒေါ်အိအိဖြိုးပိုင်ဆိုင်သည့် ဆိုင်ကယ် တစ်စီး၊ လက်ကိုင်ဖုန်း တစ်လုံး၊ ဒေါ်ပန်းဖြူပြာစိုးပိုင်ဆိုင်သည့် ဆိုင်ကယ် တစ်စီး၊ လက်ကိုင်ဖုန်း တစ်လုံးနှင့် ဒေါ်သူဇာဝင်းပိုင်ဆိုင်သည့် လက်ကိုင်ဖုန်း တစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
ထိုသို့ ပညာရေးဝန်ထမ်း သုံးဦးအား လက်နက်အားကိုးဖြင့် အကြမ်းဖက်ခြိမ်းခြောက်၍ ဆိုင်ကယ်နှင့် လက်ကိုင်ဖုန်းများအား လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။
