





၃၀.၁၂.၂၀၂၄
Written By Thandar
ရွှေလက်ကမ်းကြိုဆို”တေဇရာမ” နှစ်(၆၀)ပြည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ဘက်စုံထူးချွန်ဆုပေးပွဲ ဆရာတပည့်တွေ့ဆုံပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရွှေပြည်သာမြို့နယ်၊ (၁၆)ရပ်ကွက်၊ တေဇာရာမ ဘ.က ပညာရေးကျောင်းမှာ ကျင်းပခဲ့ပါတယ်။
“ဘုန်းဘုန်းတို့က တေဇရာမဆိုတဲ့ကျောင်းကို ၁၉၆၄ ခုနှစ်က စတင်တည်ထောင်ခဲ့ပါတယ်။ ဒီနှစ် ၂၀၂၄ မှာ နှစ် ၆၀ ပြည့်ဖြစ်ပါတယ်။ ဒီနှစ် ၆၀ ပြည့်နေ့မှာ ဘုန်းဘုန်းက အမှတ်တရအနေနဲ့ ဒီတေဇရာမကျောင်းမှာ ဆယ်စုနှစ်များစွာ ပညာသင်ကြားပေးခဲ့ကြတဲ့ ဆရာ၊ ဆရာမဟောင်းတွေကို ကျောင်းသားဟောင်းတွေနဲ့ပြန်လည်တွေ့ဆုံဖို့ ဆရာတပည့်တွေ့ဆုံပွဲဆိုပြီ နေ့လယ် ၂ နာရီက ကျင်းပတာပါ။ ခုမနက်ပိုင်းမှာကတော့ ဆုပေးပွဲတွေ မနေ့က သူငယ်တန်းအတန်းငယ်လေးတွေ ဆုတွေ ချီးမြှင့်ပေးခဲ့ပါတယ်။ ဒီနေ့က အစိုးရစစ်စာမေးပွဲတွေမှာ A အဆင့်နဲ့အောင်ခဲ့တဲ့ ၅ တန်း၊ ၉ တန်းကလေးတွေကို ဆုပေးတယ်။ နောက် အနုပညာမှာထူးချွန်ကြတဲ့ သားငယ်သမီးငယ်လေးတွေ၊ ဇာထိုးပန်းထိုးရယ် ဂီတရယ် ပန်းချီရယ် အသက်မွေးပညာမှာ ထူးချွန်သူတွေကို ဆုတွေချီးမြှင့်ပေးတာပါ” လို့ တေဇရာမ ဘ.ကကျောင်းတိုက်က ဆရာတော် ဘဒ္ဒန္တဂမ္ဘီရဗုဒ္ဓက MT Entertainment ကို မိန့်ကြားတော်မူပါတယ်။
အဆိုပါ အခမ်းအနားကတော့ ကျေးဇူးတော်ရှင် ဆရာတော်ကြီးဘဒ္ဒန္တအာစိဏ္ဏ(မဟာ+အဂ္ဂမဟာသဒ္ဓမ္မဇာတိကဓဇ) တည်ထောင်တော်မူခဲ့တဲ့ တေဇာရာမဘုန်းတော်ကြီးသင် ပညာရေးကျောင်းက ၂၀၂၄ ခုနှစ် ယနေ့ ဒီဇင်ဘာ ၂၉ ရက်က နှစ်(၆ဝ)ပြည့်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
ဆရာတော်ကြီးရဲ့ သီလဂုဏ်၊ သမာဓိဂုဏ်၊ ပညာဂုဏ်၊ ပရဟိတဓရဂုဏ်တို့နဲ့ ဆရာ/ဆရာမများတို့ရဲ့ စေတနာ၊ဝါသနာ၊ အနစ်နာ ၊ ကရုဏာတို့နဲ့ ကျေးဇူးတရားကို အသိအမှတ်ပြုအနေနဲ့ တေဇာရာမနှစ်(၆ဝ)ပြည့်ပွဲမှာ ဆရာ/တပည့်တွေ့ ဆုံ ဂါရဝပြုပြီး ဆုတွေအသီးသီးချီးမြှင့်ခဲ့ကြပါတယ်။
တေဇရာမ ဘ.ကကျောင်းမှာ ကျောင်းအိပ်ကျောင်းစားက အယောက် ၃၀ ကျော်ရှိပြီး ကျောင်းတက်ကြတဲ့ ကျောင်းသား/သူတွေက ၁၇၈၀ ကျော် ရှိတယ်လို့ သိရပါတယ်။