
၃၀.၁၂.၂၀၂၄
Translated by Htwe Ko Tun
အမေရိကန်ပြည်ထောင်စု၏ ၃၉ ယောက်မြောက်သမ္မတဖြစ်သော ဂျင်မီကာတာသည် အသက် ၁၀၀ နှစ်အရွယ်၌ ဂျော်ဂျီယာပြည်နယ်၊ Plains မြို့ရှိ ၎င်း၏အိမ်တွင် ဒီဇင်ဘာလ ၂၉ ရက်၊ မွန်းလွဲပိုင်းက ကွယ်လွန်ခဲ့ကြောင်း သိရသည်။
ဂျင်မီကာတာက အရေပြားကင်ဆာကို နာတာရှည်ခံစားခဲ့ရကာ ၂၀၁၅ ခုနှစ်တွင် အသည်းနှင့် ဦးဏှောက်ကိုပါ ကူးစက်ခဲ့သည်။ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလတွင်မူ ကာတာကဆေးရုံ၌ အထူးဆေးကုသခံနေခြင်းကိုရပ်ဆိုင်းကာ အိမ်တွင် မိသားစုနှင့်သာ အတူနေရန်ဆုံးဖြတ်ခဲ့သည်။
ဂျင်မီကာတာက သမ္မတတာဝန်ကို ၁၉၇၇ ခုနှစ်မှ ၁၉၈၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို အလေးထားဆောင်ရွက်သည့် အမေရိကန်သမ္မတအဖြစ် လူသိများကြသည်။
သမ္မတတာဝန်မထမ်းဆောင်မီ ၎င်းက ဂျော်ဂျီယာပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ်ဆောင်ရွက်ခဲ့ပြီး အမေရိကန်ရေတပ်မှ အရာရှိတစ်ဦးလည်းဖြစ်ကာ ထို့မတိုင်မီက လယ်သမားတစ်ဦးလည်းဖြစ်သည်။
ဇနီးသည် ရို့ဆာလင်းနှင့် အိမ်ထောင်သက် ၇၇ နှစ်ကြာသည်အထိပေါင်းသင်းခဲ့ပြီး ဇနီးဖြစ်သူက ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလတွင် ကွယ်လွန်ခဲ့သည်။ ၎င်းတို့နှစ်ဦးက သားသမီးလေးဦး၊ မြေး ၁၁ ဦး၊ မြစ် ၁၄ ဦးအထိ ကျန်ရစ်ကြောင်းလည်း သိရသည်။
၂၀၁၈ ခုနှစ်တွင် သမ္မတဟောင်း အိတ်ချ် ဒဗလျူ ဘုရှ် ကွယ်လွန်ပြီးနောက်တွင် ဂျင်မီကာတာက အမေရိကန်ပြည်ထောင်စု၏ အသက်ရှင်နေသော သမ္မတဟောင်းများအနက် အသက်အကြီးဆုံးအဖြစ် တည်ရှိနေခဲ့သူလည်းဖြစ်သည်။
Ref- BBC