MT News

Written by Nay Moe

ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်၊ ကျောက်ခဲကြီးကျေးရွာ အနီးရှိ နာရေးအိမ်၌ လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ ကူညီဆောင်ရွက်ပေးနေသည့် လုံခြုံရေးတပ်ဖွဲ့နှင့် ဒေသခံပြည်သူများအား KNU အဖွဲ့မှ အကြမ်းဖက်မှုကို လိုလားသူများနှင့် PDF များက အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံး၊ ဒဏ်ရာရရှိခဲ့ပြီး အပြစ်မဲ့ ဒေသခံပြည်သူ ၃ ဦးသေဆုံးခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ပဲခူးတိုင်းဒေသကြီး၊ ကျောက်ကြီးမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၂ ရက် နံနက် ၆ နာရီ ၄၅ မိနစ်ခန့်တွင် ကျောက်ကြီးမြို့မှ ကျောက်ခဲကြီးကျေးရွာသွား ကားလမ်းအနီး လူကြီးရောဂါဖြင့် ကွယ်လွန်သည့် နာရေးအိမ်သို့ သွားရောက်၍ လိုအပ်သည့် အုပ်ချုပ်မှုကိစ္စရပ်များ ဆောင်ရွက်ပေးပြီး ပြန်လည်ထွက်ခွာလာစဉ် KNU တပ်မဟာ(၃)အဖွဲ့နှင့် PDF များက ၎င်းနေအိမ်၏ အနောက်တောင်ဘက်ရှိ နေအိမ်များအတွင်း အကာအကွယ်ယူ၍ ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်အချို့ ကျဆုံးပြီး အချို့မှာထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်းနှင့် အဆိုပါ နာရေးအိမ်တွင် ကူညီလုပ်ကိုင် ဆောင်ရွက်ပေးနေသည့် အပြစ်မဲ့ဒေသခံပြည်သူ ၃ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

ထိုဖြစ်စဉ်တွင် အကြမ်းဖက်သမားများနှင့် ပါဝင်ပတ်သက်သူများအား ဖော်ထုတ်ဖမ်းဆီး၍ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူနိုင်ရေး လုံခြုံရေး တပ်ဖွဲ့ဝင်များက စုံစမ်းဖော်ထုတ်လျက်ရှိသည်ဟုလည်း SAC က ထုတ်ပြန်သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News