MT News

Translated by Htwe Ko Tun

ယူကရိန်းတို့၏ HIMARS ဒုံးကျည်များဖြင့်တိုက်ခိုက်မှုကြောင့် ဇန်နဝါရီ ၁ ရက်တွင် ရုရှားတပ်ဖွဲ့ဝင် ၆၃ ဦးကျဆုံးခဲ့ရခြင်းနှင့်ပတ်သက်၍ ရုရှားအမျိုးသားရေးဝါဒီများနှင့် လွှတ်တော်အမတ်အချို့က တပ်ဖွဲ့ဝင်များအပေါ် ကျရောက်လာနိုင်သော အန္တရာယ်များကို လျစ်လျူရှုထားကြခြင်းအတွက် တာဝန်ရှိရုရှားတပ်မှူးများအား ပြစ်ဒဏ်ပေးရန် တောင်းဆိုခဲ့ကြကြောင်း သိရသည်။

၎င်းတို့က ယူကရိန်းစစ်ပွဲတွင် ရုရှားတပ်ဖွဲ့ဝင်များ အသက်စွန့်သေကြေရမှု များပြားလာသည့်အတွက်လည်း မကျေမနပ်ဒေါသဖြစ်မှုများ မြင့်တက်လာကြကြောင်း သိရသည်။

ယူကရိန်းဘက်မှ ဒုံးကျည်များဖြင့်တိုက်ခိုက်မှုကြောင့် ဒွန်တက်ခ်ပြည်နယ်၊ မာကီရက်ဗ်ကာမြို့အနီး ရုရှားတပ်ဖွဲ့များ၏ ယာယီစခန်းသို့ထိမှန်ကာ ရုရှားတပ်ဖွဲ့ဝင်များ ကျဆုံးခဲ့ခြင်းဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယူကရိန်းဘက်က ပြောကြားချက်အရမူ ကျဆုံးခဲ့သည့်ရုရှားတပ်ဖွဲ့ဝင်အရေအတွက် ၄၀၀ ခန့်ရှိသည်ဟုပင် ပြောခဲ့ပြီး အခြားတပ်ဖွဲ့ဝင် ၃၀၀ ခန့်ဒဏ်ရာရခဲ့သည်ဟုဆိုခဲ့သည်။

ရုရှားဝေဖန်ရေးသမားများက ကျဆုံးတပ်ဖွဲ့ဝင်များမှာ အဆိုပါရှေ့တန်းစစ်မျက်နှာပြင်နေရာတွင် လက်နက်ခဲယမ်းများထားရှိရာနေရာနှင့်အတူ တပ်ချထားမှုကြောင့် ဤကဲ့သို့သေကြေမှုများရခြင်းဟု မကျေမနပ်ပြောခဲ့ကြသည်။ ရုရှားနိုင်ငံသားများဖြစ်သော အွန်လိုင်းတွင် စစ်ပွဲအကြောင်းရေးသားကာ စာမျက်နှာထက်တင်သူများကလည်း စစ်သားများနေထိုင်ရာတန်းလျားတွင်ပင် လက်နက်ခဲယမ်းများ သိုလှောင်ထားမှုကြောင့် ဤသို့ အကျအဆုံးများရခြင်းဟု ပြောကြားခဲ့ကြသည်။ တပ်မှူးများအနေဖြင့် ယူကရိန်းဘက်မှဒုံးကျည်များကျရောက်နိုင်သည့် အကွာအဝေးအတွင်းရှိနေသည်ကို သိပါရက်နှင့်ပြုခဲ့ခြင်းဟု ၎င်းတို့ကဆိုကြသည်။

ယူကရိန်းအရှေ့ပိုင်းရှိ ရုရှားလိုလားသောတပ်ဖွဲ့များ၏ တပ်မှူးဟောင်းလည်းဖြစ်ကာ ယခုအခါ ရုရှားထိပ်တန်းအမျိုးသားရေးဝါဒီနှင့် အွန်လိုင်းတွင် စစ်ပွဲအကြောင်းရေးသားစာမျက်နှာတင်သူဖြစ်သည့် အီဂေါ ဂါကင်က အဆိုပါနေရာတွင် ရှိသော လက်နက်ခဲယမ်းနှင့် စစ်သုံးကိရိယာများကို ရုပ်ဖျက်သိမ်းဆည်းထားခဲ့ခြင်းလည်း မရှိဟု ပြောခဲ့သည်။

အဆိုပါ ဒုံးကျည်များနှင့် တိုက်ခိုက်မှုနှင့်ပတ်သက်၍ ယူကရိန်းသမ္မတ ဇာလန်စကီးကမူ ၎င်းတို့ဘက်မှတိုက်ခိုက်ခြင်းဟု လူသိရှင်ကြားမပြောခဲ့သေးပေ။ သို့သော် ယူကရိန်းစစ်ဦးစီးချုပ်ရုံးကမူ ရုရှားလူအင်အားနှင့် လက်နက်အင်အားကို တိုက်ခိုက်ခဲ့မှုဟု ပြောခဲ့သည်။

ရုရှားတပ်ဖွဲ့ဝင် အများအပြား ကျဆုံးရမှုနှင့်ပတ်သက်၍ မကျေမနပ်ဒေါသဖြစ်ကြမှုက ရုရှားလွှတ်တော်အမတ်များအထိ ကူးစက်ရောက်ရှိခဲ့သည်။

ရုရှားအထက်လွှတ်တော်အမတ်တစ်ဦးဖြစ်သည့် ဂရီဂိုရီ ကာရာဆင်က ယူကရိန်းနှင့် ၎င်းအားထောက်ခံသူ နေတိုးအုပ်စုကို လက်တုံ့ပြန်ရန်အတွက်သာမက ပြည်တွင်းအရေးဆောင်ရွက်မှုအဖြစ် ပြည်ပမှ စွက်ဖက်မှုမပြုရေး တောင်းဆိုရန်အတွက်ပါ ပြင်းပြင်းထန်ထန်ပြောကြားခဲ့သည်။

ရုရှားအထက်လွှတ်တော်ဥက္ကဋ္ဌဟောင်း ဆာဂျီ မီနိုရော့ဗ် ကလည်း စစ်သည်များကို အကာအကွယ်ပြုလုပ်မထားသည့် ရှေ့တန်းစစ်မျက်နှာပြင်အဆောက်အအုံအတွင်းတပ်ချထားမှုအတွက် တာဝန်ရှိသူများကို စစ်ရာဇဝတ်မှုဖြင့် အရေးယူရန်ပါ ပြောခဲ့သည်။

ထို့ကြောင့်လည်း ယူကရိန်းတို့အနေဖြင့် မာကီရက်ဗ်ကာမြို့အနီး ရုရှားတပ်ဖွဲ့များ၏ ယာယီစခန်းသို့ တိုက်ခိုက်နိုင်ခဲ့မှုကြောင့် အကျိုးအမြတ်ရရှိသည်ဟု ဆိုနိုင်သော်လည်း ရုရှားဘက်မှတုံ့ပြန်လာနိုင်မှုက မည်မျှအထိပြင်းထန်မည်နည်းဆိုသည်ကမူ စိုးရိမ်ဖွယ်ရာဖြစ်လာပေသည်။

Ref-Reuters

Leave a Reply

Your email address will not be published. Required fields are marked *