တရုတ်-မြန်မာနယ်စပ်ဂိတ်ကို တွေ့ရစဥ်(ဓာတ်ပုံ- မူဆယ်လူသားချင်းစာနာထောက်ထားမှု အကူ အညီပေးအပ်ရေးကွန်ယက်)

၃. ၁. ၂၀၂၃
Written By Myo Khine

မူဆယ်၊ ကျယ်ဂေါင်ဂိတ်များဖြစ်သော မန့်ဝိန်းဂိတ်၊ ဆင်ဖြူဂိတ်၊ နန်းတော်ဂိတ် တို့ကို တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၈ ရက်တွင် ပြန်ဖွင့်မည်ဟုဆိုသော်လည်း မြန်မာနိုင်ငံအနေဖြင့် ဂိတ်များဖွင့်ချင်တိုင်းဖွင့်၊ ပိတ်ချင်တိုင်းပိတ်လုပ်နေသည့် ကြိုးဆွဲမှုများအတိုင်း လိုက်မကနိုင်ဘဲ တရုတ်နှင့် ကတိကဝတ်ပြုလုပ်ပြီးမှသာ ပြန်ဖွင့်ပေးနိုင်မည်ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ဧပြီလက အဆိုပါ ဂိတ်ပေါက်များအားလုံးကို ကိုဗစ်ကပ်ရောဂါ ထိန်းချုပ်ရေး ဥပဒေအရဟုဆိုကာ တရုတ်နိုင်ငံဘက်က ရုတ်တရက် ပိတ်လိုက်သည့်အတွက် မြန်မာနိုင်ငံဘက်မှ ကုန်သည်များ၏ ကုန်တန်ချိန် ၅ သောင်းခန့် ပျက်စီးဆုံးရှုံးခဲ့ရသောကြောင့် ယခုတစ်ခါ ပြန်လည်ဖွင့်မည်ဆိုပါက နောင်တွင် ဖြစ်လာနိုင်သည့် အခြေအနေများအပေါ် အလားတူ ရုတ်တရက် ပိတ်သည့်ကိစ္စမျိုး ပြန်လည်မဖြစ်ပေါ်စေရေးအတွက် ကတိကဝတ်များ ပြုလုပ်မှ ဖြစ်မည်ဟု စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ အရာရှိကြီးတစ်ဦးက MT News သို့ ပြောသည်။

လက်ရှိတွင် နန်းတော်ဂိတ်ပေါက်က လူ ဖြတ်သန်းသွားလာခြင်းသာ ပြုလုပ်၍ ရသည့်အတွက် လည်းကောင်း၊ ဆင်ဖြူဂိတ်ပေါက်ကလူ၊ သုံးဘီး၊ နှစ်ဘီး ဆိုင်ကယ်များသာ သွားလာဖြတ်သန်း၍ ရသည့်အတွက်ကြောင့်လည်းကောင်း အဆင်ပြေနိုင်သော်လည်း မန့်ဝိန်းဂိတ်ပေါက်အတွက်မူ ဆွေးနွေးရမည့် ကိစ္စများပြားကြောင်းလည်း သိရသည်။

“သံရုံးကနေ တရားဝင်လာပါ။ နောက်ပြီးတော့ ဂိတ် ပိတ်မယ်ဆိုရင်လည်း အချိန်ပေးရမယ်။ ကောက်ကာငင်ကာ ပိတ်လို့မရဘူး။ ဂိတ်ပိတ်မယ်ဆိုရင် တစ်ပတ်တန်သည် ၁၀ ရက်တန်သည် အချိန်ပေးရမယ်။ အဲဒီကျမှ ဒီက ရွှေ့တဲ့ ကားတွေကို သူတို့ ယူရမယ်။ အသီးအနှံတွေ ဘာတွေ၊ ဖရဲသီးတွေ အဲဒါတွေ ပုပ်ကုန်တာ။ ရေထွက်ပစ္စည်းတွေ ပုပ်ကုန်တာ ဒုက္ခရောက်တာ အများကြီးလေ။ အဲဒါမျိုးတွေ မဖြစ်အောင်။ ငါးရှဥ့်တွေ ဘာတွေ ထုပ်ပိုးထားတာမှာ ပိုးတွေ့တယ်ဆိုပြီး အဲဒီလိုကောက်လုပ်တာ။ အခုကျမှ သူတို့ ဖွင့်မယ်ဆိုပြီးပြောတယ်။ လုံး၀ ပေးမဖွင့်သေးဘူး။ အားလုံး ကတိကဝတ်တွေ သဘောတူမှုတွေ လုပ်ရမယ်။ သူတို့ဟာ သူတို့ ဖွင့်ချင်နေတာ။ ဖွင့်ချင်တာဆိုပေမဲ့ ကျွန်တော်တို့ဘက်က သူတို့ကို ပြောတာက တရုတ်သံရုံးဘက်ကနေ မြန်မာနိုင်ငံသံရုံးကို တရားဝင် စာပိုခိုင်းထားတယ်။ အောက်ခြေမှာ ရွှေလီဆိုတာ မြို့နယ်အဆင့်ပဲ ရှိတယ်လေ ။ မြို့နယ်အဆင့်က လုပ်ချင်တာကို ကျွန်တော်တို့ လိုက်လုပ်လိုမရဘူး။ ပိတ်တုန်းကလည်း သူတို့သဘောနဲ့သူတို့ ပိတ်တယ်။ကျွန်တော်တို့ဘက်ကို ဘာမှ ညှိနှိုင်းတာတွေ ဘာတွေ မလုပ်ဘူး ။ ကောက်ကာငင်ကာပိတ်လိုက်တဲ့အတွက် ကျွန်တော်တို့ဘက်က ကားအစီး ၃၈၀၀ ကျော်၊ ညကုန်တန်ချိန် ၅ သောင်းလောက် တော်တော့်ကို ပျက်စီးကုန်တယ်။ ကားတွေအကုန် ရပ်သွားခဲ့ရတာ။ ကြက်သွန်နီတွေဆိုရင် တော်တော်များများ ပုပ်ကုန်တယ်။ အဲဒါကြောင့် မြန်မာကုန်သည်တွေ တော်တော် ထိခိုက်တယ်။ ထိခိုက်ခဲ့တယ်။ အဲဒါကြောင့် သူတို့ ဖွင့်ချင်တိုင်းဖွင့်လိုမရဘူး။ သူတို့ ဖွင့်မယ်ဆိုရင်လည်း အောက်က မြို့နယ်အဆင့် ပြောတာလောက်နဲ့ ကျွန်တော်တို့ လိုက်မလုပ်ဘူး။ သူတို့ တရုတ်နိုင်ငံသံရုံးကနေတစ်ဆင့် မြန်မာနိုင်ငံသံရုံးကို ညှိနှိုင်းရမယ်။ အဲဒီလိုညှိနှိုင်းပြီးတော့မှ ဖွင့်မယ်။ ဒီနေ့ တရုတ်ဘက်နဲ့အစည်းအဝေးလုပ်ဖို့ ရှိတယ်။ ကျွန်တော်တို့ ဒီအတိုင်း ခွင့်ပြုလို့မရဘူး။ ကုန်သွယ်မှုနဲ့ ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေးဗဟိုကော်မတီကို တင်ပြရမယ်။ အဲဒီကော်မတီက ခွင့်ပြုမှ ရမယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနကို တရားဝင်အကြောင်းကြားပါ။ အကြောင်းကြားပြီးတော့မှ ဒီဘက်က လူကြီးတွေရဲ့ခွင့်ပြုချက်ရမှ ကျွန်တော်တို့က ဖွင့်ခွင့်ပေးမှာ။ အဓိက မန်ဝိန်းပေါက်ပဲ ။ မန်ဝိန်းပေါက်ကို သူတို့ပဲ ပိတ်ပစ်တာ။ သူတို့ ပိတ်ပြီးတော့ ကျင်စန်းကျော့ဘက်က သွားခိုင်းတယ်။ အဲဒီတော့ ကျင်စန်းကျော့ဘက်မှာ သွားလုပ်တယ်။ သွားလုပ်တာတွေက ယာဉ်ရပ်နားကွင်းတွေ၊ ဆေးဖျန်းတာတွေ စသည်ဖြင့် အဆင့် ၃ ဆင့်တောင် မောင်းရတယ်။ ၃ ခါတောင် ပြောင်းပြီးမှ သွားရတယ်။ ခက်ခက်ခဲခဲလုပ်ထားကြတယ်။ ပိုက်ဆံတွေလည်း အများကြီးကုန်တယ်။ အဲဒါပြီးတော့မှ အဲဒီဂိတ်ကို ဖွင့်တာ။ ပြီးလည်းပြီးတော့မှ ဒီဘက်ကိုလာလုပ်မယ်လို့ ပြန်ဖြစ်နေပြန်တော့ ဒါက ခက်နေတာလေ။ သူတို့ လုပ်နေတိုင်း သူတို့ ကြိုးဆွဲရာကို လိုက်မကဘူး”ဟု ၎င်းက ပြောသည်။

မန်ဝိန်းဂိတ်ပေါက်မှ တရုတ်နိုင်ငံသို့ ကုန်ကားကြီးများ မောင်းနှင်ရာတွင် မူဆယ်မြို့တွင်းမှ ဖြတ်မောင်းရသည့်အတွက် မြို့တွင်း၌ ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ကြောင်းနှင့် မြိုခံများအတွက်လည်း အနှောင့်အယှက် ဖြစ်ရကြောင်း သိရသည်။

“မူဆယ်မြို့ကို ဖြတ်ပြီးတော့မှ အဲဒီကုန်ကားတွေကသွားရတာ။ သွားရတာ ဖြစ်တဲ့အတွက် အဲဒီကုန်ကားတွေက မြို့ထဲမှာ ယာဉ်ထိန်းရဲတွေက မရှင်းနိုင်ဘူး။ နေ့ခင်းဘက် ရှင်းလို့ရတယ်။ ညဘက်ကျရင် နှစ်စီးထပ် သုံးစီးထပ်နဲ့ လမ်းတစ်ခုလုံးအပြည့်။ မူဆယ်တစ်မြို့လုံးမှာ ကလေးတွေကျောင်းသွားတဲ့ အချိန်တောင်မှ ဆိုင်ကယ်နဲ့လိုက်ပို့လို့မရ၊ လူမမာတွေ ဆေးရုံကိုသွားဖို့အတွက် သွားလို့မရ အဲဒီလိုတွေဖြစ်တယ်။ မြို့ကြားထဲက သွားရတာ ဖြစ်တဲ့အတွက် ကိုဗစ်ပိုးလည်း ပိုပြီးတော့ ကူးနိုင်တာပေါ့နော်။ ကူးရင် သူတို့ဘက်က စစ်တာပြုတာ လာဦးမှာ။ အဲဒီတော့ မန်ဝိန်းဂိတ်ကို လူကြီးတွေ ခွင့်ပြုချက်ရမှ ဖွင့်မယ်။ နောက်ပြီး ပိတ်မယ်ဆိုရင်လည်း အချိန်ပေးပြီးတော့မှ ပိတ်ရမယ်။ ချက်ချင်း ပိတ်လို့မရဘူး။ ကတိကဝတ်တွေ ယူပြီးတော့မှ ဖွင့်မှာပေါ့”ဟု ယင်း အဆင့်မြင့်အရာရှိကြီးက ဆိုသည်။

အဆိုပါ ဂိတ်အားလုံးကို ပြန်လည် ဖွင့်လှစ်လိုက်မည်ဆိုသည့် သတင်းမှာ မူဆယ်ဒေသတွင် အလုပ်လက်မဲ့ ဖြစ်နေသူများအတွက် အလုပ်အကိုင် အခွင့်အလမ်းများ ပြန်လည်ရရှိမည် ဖြစ်သောကြောင့် ကောင်းမွန်သော သတင်းဖြစ်ကြောင်း မူဆယ် ဆန်စပါးလုပ်ငန်းရှင်များအသင်း ဒုဥက္ကဋ္ဌ ဦးမင်းသိန်းက MT News သို့ ပြောသည်။

“ဒီဂိတ်တွေကို အားလုံးဖွင့်မယ်ဆိုရင် လူတွေ၊ ကုန်တင်ကား၊ အိမ်စီးကား၊ ဆိုင်ကယ်၊ ထော်လာဂျီ စသည်ဖြင့် အားလုံးအရင်ကအတိုင်း အဝင်အထွက်လုပ်လို့ ရမယ်။ ပွင့်ပွင့်လင်းလင်းပြောရရင် မူဆယ်က လူတွေတော်တော်များများက တရုတ်ပြည်ကိုပဲ အားကိုးရတာကြောင့် ကားတွေအဝင်အထွက်တွေ့ဖြစ်လာရင် ပစ္စည်းတွေ သယ်ရတာရှိလာမှာ ဖြစ်လို့ အရင်ကဂိတ်ပိတ်လိုက်လို့ အလုပ်လက်မဲ့ ဖြစ်သွားသူတွေ အလုပ်ပြန်ရမယ်။ ထော်လာဂျီသမား ကုန်တင်ကုန်ချသမားတွေ အကုန်လုံး အလုပ် ပြန်ရမယ်ဆိုရင် အလုပ်လက်မဲ့ပြဿနာလည်း ရှင်းသွားမယ်လေ”ဟု ယင်းက ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News