၃. ၁. ၂၀၂၃
Written by Nay Moe

NUG အဖွဲ့ဝင်များ ငွေကြေးသုံးစွဲရာတွင် အမှန်တကယ်လိုအပ်သည့်နေရာ သုံးစွဲရန်နှင့် အလေအလွင့်မရှိအောင် သုံးစွဲရန် NUG ၏ ယာယီသမ္မတက ဒူဝါလရှီးလက ယနေ့ပြုလုပ်သည့် NUG ၏ (၈၁) ကြိမ်မြောက် အစည်းအဝေးတွင် ပြောသည်။

NUG ၏ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ် မယားငယ်ယူကာ သားယောကျ်ားလေးတစ်ဦး မွေးဖွားထားခြင်းနှင့် အလုပ်သမားဒုဝန်ကြီးဦးကျော်နီဇနီး မသီတဂူက ဆေးခြောက်ရောင်းသော Bar ဆိုင် မဲဆောက်တွင် ဖွင့်လှစ်စီးပွားရှာနေသည် ဝေဖန် စွပ်စွဲမှုများ ဒီဇင်ဘာ ၁၈ ရက်တွင် ပေါ်ထွက်လာခဲ့ပြီး အဆိုပါဝေဖန်မှုများတွင် ဦးလွင်ကိုလတ်မှာ နေရာငါးနေရာခန့်ယူကာ တော်လှန်ရေးပိုက်ဆံများ သုံးဖြုန်းနေကြောင်း၊ ဦးကျော်နီတို့မှာလည်း ဒေါက်တာဝင်းမြတ်အေးထံမှနွားခြံကို ကန်ထရိုက်ယူချိန်တွင် အဂတိလိုက်စားခဲ့ပြီး ရွှေ့ပြောင်းအလုပ်သမားများထံမှ ဘတ်သန်းချီ ရယူခဲ့ကြောင်း ဝေဖန်မှုများ ရှိခဲ့သည်။ ထို့အတူ NUG မှ ဒုဝန်ကြီးအိသဥ္ဇာမောင်သည်လည်း ပြည်သူ့လှုဒါန်းငွေများမှ မျက်ရစ်ဖော်၊ နှာခေါင်းပြင်ကာ အလှပြင်မှုများစွာပြုလုပ်ခဲ့ကြောင်း ဝေဖန်မှုများ ထွက်ပေါ်လာအပြီး ဒူဝါလရှီးလက ယခုကဲ့သို့ သတိပေးလာခြင်းဖြစ်သည်။

”တော်လှန်ရေးအလုပ်တွေနဲ့ အစိုးရအဖွဲ့ လုပ်ငန်းစဉ်တွေ ထိထိရောက်ရောက် ပီပီပြင်ပြင်ရှိရေးဟာ ကျွန်တော်တို့ NUG အစိုးရအဖွဲ့ ခေါင်းဆောင်အားလုံးရဲ့ စီမံခန့်ခွဲမှု အရည်အချင်းတွေအပေါ်မှာ မူတည်နေပါတယ်။ ကျွန်တော်တို့မှာ ရှိထားတဲ့ အရင်းအမြစ်တွေကို တော်လှန်ရေးအရွေ့ တစ်ခုဖြစ်အောင် အလေအလွင့်မရှိဘဲ စီမံခန့်ခွဲနိုင်ဖို့အတွက် အလွန်အရေးကြီးပါတယ်။

ထိရောက်တဲ့ စီမံကွပ်ကဲမှုတွေ ဖြစ်ဖို့အတွက် ကျွန်တော်တို့အားလုံး စနစ်တကျ လုပ်ဆောင်ရပါလိမ့်မယ်။ ငွေကြေးသုံးစွဲမှုအပိုင်းမှာ အမှန်တကယ်လိုအပ်တဲ့နေရာမှာ သုံးစွဲတတ်ဖို့၊ အလေအလွင့်မရှိအောင် သုံးစွဲနိုင်ဖို့နှင့်လက်ရှိဆောင်ရွက်နေသော ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးရဲ့ စစ်ဆေးမှုကိုတိတိကျကျ ခံယူဖို့လိုပါတယ်။ စီမံ/ဘဏ္ဍာ ကော်မရှင်၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ မူဝါဒ၊ စီမံ/ဘဏ္ဍာဝန်ကြီးဌာန၏ ငွေကြေးသုံးစွဲမှုဆိုင်ရာ လမ်းညွန်ချက်များကို တိတိကျကျလိုက်နာဖို့လိုပါတယ်” ဟု ဒူဝါလရှီးလက ဆိုသည်။

NUG အဖွဲ့ဝင်များအနေဖြင့် ငွေကြေးသုံးစွဲမှုများအပေါ်မကြာခဏဝေဖန်ခံနေရပြီး ပြည်သူ့ထံမှ အလှုခံရငွေများသုံးစွဲရာတွင်လည်း ကိုယ်ကျိုးအသုံးပြုမှုများကြောင့် ဝေဖန်ခံနေရသည်။ ထို့ကြောင့် လူနှင့်မူ အံဝင်ခွင်ကျဖြစ်ရန်နှင့် လူမှန်နေရာမှန်ဖြစ်ရန်လိုသည်ဟုလည်း ဒူဝါလရှီးလက သတိပေးသည်။

“ကျွန်တော်တို့ အစိုးရအဖွဲ့ဝင် ခေါင်းဆောင်တွေအားလုံးဟာ အပြောနဲ့အလုပ်ညီအောင် ပြုမူကျင့်ကြံ ကြိုးစားကြဖို့ အထူးတိုက်တွန်းလိုပါတယ်။ ၂၀၂၃ ခုနှစ်မှာလည်း ယခင် နှစ်ဟောင်းကဲ့သို့ အလုပ်နဲ့ သက်သေပြပါလို့ နှိုးဆော်ချင်ပါတယ်။ သက်ဆိုင်ရာ ကော်မရှင် / ကော်မတီတွေအတွက် မူနဲ့ လူ ကိုက်ညီခြင်း ရှိ / မရှိ စိစစ်သုံးသပ်မှုတွေ လုပ်ဆောင်ကြဖို့ တိုက်တွန်းချင်ပါတယ်။ လူထုထံက ရရှိတဲ့ အထွေထွေရင်းမြစ်တွေကို တော်လှန်ရေးအောင်မြင်ဖို့အတွက် အလေအလွင့်မရှိအောင် စနစ်တကျ စီမံကွပ်ကဲကြဖို့ အလွန်အရေးကြီး ကြောင်း ပြောကြားလိုပါတယ်” ဟု ဒူဝါလရှီးလက ဆိုသည်။

Leave a Reply

Your email address will not be published. Required fields are marked *