၃. ၁. ၂၀၂၃
Written By Myo Khine

ရခိုင်ပြည်နယ် ဂွမြို့နယ်၊ ဒေါင့်ချောင်းကျေးရွာအနီး တောစပ်တွင် ဇန်နဝါရီ ၂ ရက် ည ၉ နာရီခန့်အချိန်က ရန်ကုန်မှတစ်ဆင့် မလေးရှားသို့ ထွက်ခွာမည့် ဘင်္ဂါလီ အမျိုးသား ၁၁ ဦးကို ဖမ်းဆီးရမိခဲ့ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သိရသည်။

ယင်းတို့မှာ မင်းပြားမြို့နယ်နှင့် မြောက်ဦးမြို့နယ်မှ ပွဲစားဆိုသူများက ၎င်းတို့နေထိုင်ရာ ကျေးရွာများသို ရောက်ရှိလာပြီး မလေးရှားနိုင်ငံသို့ သွားရောက်အလုပ် လုပ်လိုပါက တစ်ဦးလျှင် ရန်ကုန်အထိ ၄၅ သိန်းကျပ်၊ ရန်ကုန်မှ မလေးရှားနိုင်ငံအထိ ၄၅ သိန်းကျပ်၊ စုစုပေါင်း ငွေကျပ်သိန်း ၉၀ ဖြင့် ပို့ဆောင်ပေးမည် ဖြစ်ကြောင်း၊ ယင်းအတွက် စရံငွေသာပေးထားရန်နှင့် ကျန်ငွေများကို ရန်ကုန်နှင့် မလေးရှား ရောက်မှသာပေးရန် ပြောဆိုခဲ့သောကြောင့် သဘောတူ၍ လိုက်လာခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းဘင်္ဂါလီများမှာ ပွဲစားစီစဉ်ပေးသည့်အတိုင်း ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်တွင် မင်းပြားမြို့နယ်၊ ကြပ်ဆင်တံတားအနီး စုစည်းခဲ့ပြီး တောင်ကုတ်သို့ စက်လှေဖြင့် သွားရောက်ခဲ့ကာ ထိုမှတစ်ဆင့် ဆိုင်ကယ် ၆ စီးဖြင့် ထွက်ခွာခဲ့ခြင်းဖြစ်ကြောင်း၊ ဒေါင့်ချောင်းကျေးရွာအနီးသို့ ရောက်ရှိစဉ် ဆိုင်ကယ်ဖြင့် လိုက်ပို့သူများမှ စစ်ဆေးရေးဂိတ်အလွန်တွင် ကြိုတင်စောင့်ဆိုင်းနေမည်ဟုပြောသောကြောင့် တောလမ်းအတိုင်း သွားခိုင်းရာတွင် အထက်ပါအတိုင်း ဖမ်းမိခြင်းဖြစ်ကြောင်း သိရသည်။

“ဘင်္ဂါလီတွေ တော်တော်များများက မလေးရှားကို သွားချင်ကြတယ်။ တချို့ဆိုရင် ရန်ကုန်ကို ရောက်ရင် သူတို့ အတွက်က အဆင်ပြေတယ်လို့ ယူဆကြတယ်။ ဒါမျိုးတွေ မကြာခဏ ဖြစ်နေတာပါ။ သက်ဆိုင်ရာက စိစစ်တာတွေကို လုပ်နေတဲ့ကြားကနေ ဒီလိုတွေ ဖြစ်နေကြတာ ဖြစ်ပါတယ်။ ဖမ်းမိသူတွေကိုလည်း ဥပဒေအတိုင်း ဆောင်ရွက်မှာ ဖြစ်ပါတယ် ” ဟု အစိုးရအဖွဲ့ တာဝန်ရှိသူက MT News သို့ ပြောသည်။

အဆိုပါ ဖမ်းဆီးရမိဘင်္ဂါလီများအား လဝကအက်ဥပဒေဖြင့် အမှုဖွင့်အရေးယူသွားမည်ဖြစ်ပြီး ယင်းလုပ်ငန်းများကို လုပ်ကိုင်နေကြသည့် ပွဲစားများနှင့် ဆက်စပ်တရားခံများကိုလည်း ဖမ်းဆီးရမိရန်လည်း ပြည်နယ်အစိုးရအဖွဲ့က လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News