၃. ၁. ၂၀၂၃
Written By Myo Khine

စစ်ကိုင်းမြို့တွင် ယနေ့ ဇန်နဝါရီ ၃ ရက် နံနက် ၁ နာရီခန့်က ဖြစ်ပွားခဲ့သည့် မီးလောင်မှုကြောင့် အမြွှာညီအစ်ကို နှစ်ဦးသေဆုံးခဲ့ကြောင်း ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး( အရန်မီးသတ်တပ်ဖွဲ့) က သိရသည်။

“သေသွားတာက ၃၉ နှစ်အရွယ် အမြွှာညီအစ်ကိုပါ။ နာမည်တွေက ကိုကိုနဲ့ညီညီတဲ့။ သူတို့က လူပျိုလူလွတ်တွေပါ။ ကျွန်တော်တို့ ရောက်သွားတဲ့အချိန်မှာ အပေါ်မှာ လူရှိနေတယ်လို့ သူတို့ အုပ်ထိန်းသူက လာပြောတယ်။ အဲဒီအပေါ်ကို သွားပြီး ကယ်ဖို့ လုပ်တဲ့အခါ အဲဒီအခန်းက တစ်ခန်းလုံး မီးစွဲနေပါပြီ။ အိပ်ပျော်နေကြတာ။ ကျန်တဲ့သူတွေက အောက်ထပ်မှာ အိပ်တာ။ အမြွှာနှစ်ယောက်က အပေါ်ထပ်မှာ အိပ်တာ။ သူတို့ သူငယ်ချင်းတစ်ယောက်နဲ့ ၃ ယောက် အိပ်တာ။ သူငယ်ချင်းက ထွက်ပြေးလို့ လွတ်သွားတယ်”ဟု အဆိုပါ ကူညီကယ်ဆယ်ရေး လုပ်ငန်းလုပ်ရာတွင် ပါဝင်ခဲ့သူတစ်ဦးက MT News သို့ ပြောသည်။

မီးလောင်မှုမှာ စစ်ကိုင်းမြို့ နန္ဒဝန်ရပ်မှ နေအိမ်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သတင်းအရ စစ်ကိုင်းခရိုင်မီးသတ်တပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ နီလာနယ်မြေမီးသတ်စခန်း၊ စိန်ကုန်းအရန်မီးသတ်တပ်ဖွဲ့၊ သုခကာရီကျန်းမာရေးနှင့် လူမှုကူညီရေးအသင်း၊ အိုးဘိုကျန်းမာရေးနှင့်လူမှုကူညီရေးအသင်း၊ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့(S.E.R.T)နှင့်အတူ ထုံးဘိုအရေးပေါ်ရှာဖွေကယ်ဆယ်ရေး (အရန်မီးသတ်တပ်ဖွဲ့)မှ လူနာတင်ယာဉ်တစ်စီးနှင့် တပ်ဖွဲ့ဝင်၅ဦးတို့ သွားရောက် ငြှိမ်းသတ် ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

“မီးလောင်ရတဲ့အကြောင်းရင်းကိုတော့ မသိရသေးပါဘူး။ အဲဒီအချိန်မှာ လျှပ်စစ်မီးလည်းလာနေပါပြီ။ ဘာကြောင့် လောင်တယ်ဆိုတာကို အခု သက်ဆိုင်ရာက စစ်ဆေးနေဆဲပဲ ဖြစ်ပါတယ်”ဟု အဆိုပါ ကူညီကယ်ဆယ်ရေး လုပ်ငန်းလုပ်ရာတွင် ပါဝင်ခဲ့သူ တစ်ဦးက ဆက်လက်ပြောသည်။

ယင်း မီးလောင်မှုကြောင့် အသက်ဆုံးရှုံးသွားသည့် အမြွှာညီအစ်ကို နှစ်ဦး၏ ရုပ်အလောင်းများကို သုခကာရီကျန်းမာရေးနှင့်လူမှုကူညီရေးအသင်းကားဖြင့် စစ်ကိုင်း ကုတင် ၂၀၀ ဆံ့ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *