၃. ၁. ၂၀၂၃
Written by Pan Ei

ဘရာဇီးလ်နိုင်ငံသား ကမ္ဘာကျော် ဂန္ထဝင်ဘောလုံးသမားကြီး ပီလီ ရဲ့ နောက်ဆုံးနှုတ်ဆက်ခြင်း အခမ်းအနားကို ဆန်တိုစ့်အသင်းရဲ့ အိမ်ကွင်းဖြစ်တဲ့ အာဘနို ကယ်ဒီရာ ဘောလုံးကွင်းမှာ ဇန်နဝါရီ ၂ ရက်နေ့ကစပြီး ၂၄ နာရီပတ်လုံး ကျင်းပနေကြပါတယ်။

ပီလီဟာ ဒီဇင်ဘာ ၂၉ ရက်နေ့မှာ အချိန်အတန်ကြာ ခံစားခဲ့ရတဲ့ အူမကြီး ကင်ဆာဝေဒနာကြောင့် ဆော်ပိုလိုမြို့မှာရှိတဲ့ အဲလ်ဘတ်အိုင်းစတိုင်း ဆေးရုံမှာ ကွယ်လွန်ခဲ့တာဖြစ်ပြီး ကွယ်လွန်ချိန် အသက် ၈၂ နှစ် ရှိပြီဖြစ်တဲ့ ပီလီရဲ့ ရုပ်အလောင်းကို ဆေးရုံကနေ သယ်ဆောင်လာချိန်မှာလည်း မီးရှူးမီးပန်းတွေနဲ့ နှုတ်ဆက်ခဲ့ကြပါတယ်။

နောက်ဆုံးနှုတ်ဆက်ဂါဝရပြုအခမ်းအနားမှာ ဘောလုံးပရိသတ်တွေ ပါဝင်နိုင်ဖို့အတွက် ဆန်တိုစ့်ကွင်းအလယ်မှာ ပီလီရဲ့ ရုပ်အလောင်းထည့်ထားတဲ့ အခေါင်းကို ထားရှိထားတာဖြစ်ပြီး ပရိသတ်တွေက တန်းစီ စောင့်ဆိုင်းကာ နှုတ်ဆက်ခဲ့ကြပါတယ်။

ဖီဖာ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌဖြစ်သူ ဂျန်နီ အင်ဖန်တီနိုဟာ နောက်ဆုံးဂါဝရပြု နှုတ်ဆက်ဖို့ ပထမဆုံးလာရောက်သူဖြစ်ပြီး ကမ္ဘာ့ဖလားသုံးကြိမ်ရဖူးတဲ့ ကစားသမားပီလီရဲ့ နာမည်ကို ကွင်းအမည်ပေးဖို့ နိုင်ငံတိုင်းကို တောင်းဆိုမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီနေ့(ဇန်နဝါရီ ၃ ရက်)မှာတော့ ပီလီရဲ့ရုပ်အလောင်းကို သယ်ဆောင်ကာ စီတန်းလှည့်လည်ပွဲတွေကို ပီလီရဲ့ အသက် ၁၀၀ အရွယ် မိခင် ဆဲလက်စတီ အာရန်တီစ် နေထိုင်ရာ လမ်းအပါအဝင် ဆန်တိုစ့်မြို့ရဲ့ လမ်းတွေတစ်လျှောက်မှာ ကျင်းပသွားမှာဖြစ်ပြီး မိသားစုဝင်တွေအတွက် သီးသန့်ဈာပနကျင်းပမယ့် သုသာန်ကို သယ်ဆောင်သွားမှာ ဖြစ်ကာ ဂူဗိမာန်နဲ့ မြုပ်နှံသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ပီလီဟာ ဘောလုံးအားကစားသမိုင်းတစ်လျှောက်မှာ အကြီးကျယ်ဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ်ခံထားရပြီး ဘရာဇီးလ်နိုင်ငံမှာ သူကွယ်လွန်ပြီးနောက် နိုင်ငံတော် ဝမ်းနည်းခြင်းအထိမ်းအမှတ်ကို သုံးရက်ကြာ ကျင်းပခဲ့ပါတယ်။

ကမ္ဘာ့ဖလားလေးကြိမ် ပါဝင်ကစားခဲ့ပြီး ၃ ကြိမ်အနိုင်ရဖူးခဲ့တဲ့ သမိုင်းတစ်လျှောက်မှာ တစ်ဦးတည်းသော ကစားသမားဖြစ်တဲ့ ပီလီရဲ့ ကွယ်လွန်မှုအတွက် ကမ္ဘာတစ်ဝှမ်းက အားကစားကြယ်ပွင့်တွေ၊ နိုင်ငံရေးသမားတွေနဲ့ ဂီတပညာရှင်တွေကလည်း ဝမ်းနည်းဂုဏ်ပြုစကားတွေ ဆိုခဲ့ကြပါတယ်။

Ref, Reuters

Leave a Reply

Your email address will not be published. Required fields are marked *