YRF အဖွဲ့ဝင်လေးဦးဖမ်းမိခဲ့စဥ်နှင့် ယင်းတို့၏ ပစ်ခတ်လုပ်ကြံမှုများ သတင်းထုတ်ပြန်ပုံများ တွေ့ရစဥ်

၃. ၁. ၂၀၂၃
Written by Nay Moe

Mytel အရာရှိဦးသိန်းအောင်နှင့် ဇနီးအပါအဝင် လူလေးဦးကို လုပ်ကြံသတ်ဖြတ်သည့် YRF အဖွဲ့ဝင်လေးဦး ထောင်နှစ်ရှည် ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

ရန်ကုန်မြို့တွင် ပြောက်ကျားတိုက်ခိုက်မှုပြုလုပ်နေသော Yangon Revolution Force – YRF မှ အဖွဲ့ဝင်များဖြစ်သည့် စစ်ဇော်ကံ၊ ဗညားစိုးထက်နှင့် ဖြိုးအိကျော်တို့ကို ဒီဇင်ဘာ၂၉ ရက်နေ့တွင် နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

SAC ချမှတ်သောပြစ်ဒဏ်များတွင် စစ်ဇော်ကံအား ထောင်ဒဏ် ၇၄ နှစ်၊ ဗညားစိုးထက် အား ထောင်ဒဏ် ၇၄ နှစ်နှင့် ဖြိုးအိကျော်အား ထောင်ဒဏ် ၇ နှစ်ချမှတ်ခဲ့သည်။ ထို့အပြင် စိုင်းစည်သူအား ထောင်ဒဏ် နှစ် ၄၀ ချမှတ်ခဲ့ပြီး ကိုစိုင်းစည်သူမှာမူ YRF မှ ရဲဘော်များနှင့် သက်ဆိုင်ခြင်းမရှိဟု YRF က ငြင်းဆိုသည်။

YRF အဖွဲ့ဝင်လေးဦးသည် Mytel ဘဏ္ဍာရေးအရာရှိချုပ် ဦးသိန်းအောင်နှင့် ဇနီးဖြစ်သူတို နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် မရမ်းကုန်းမြို့နယ် ၇ မိုင် ၇ ရပ်ကွက်ရှိ တေးနုယဉ်လမ်းအတွင်း နံနက်ခင်းလမ်းလျှောက်နေစဉ် စက်ဘီးဖြင့် လာရောက်ပစ်သတ်သွားခြင်းဖြစ်ပြီး ဇနီးဖြစ်သူမှာ အသက်ရှင်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်အတွက် ကွင်းဆက်တရားခံများကို ရှာဖွေဖော်ထုတ်ရာ မသင်္ကာဖွယ်ရာစက်ဘီးစီးလာသည့် ကျား ၃ ဦးနှင့် ၎င်းတို့၏ နောက်မှ ကပ်လျက်လိုက်ပါလာသည့် HYUNDAI ACCENT အမျိုးအစား အဖြူရောင်ယာဉ်ကို တွေ့ရှိသဖြင့် စုံစမ်းခဲ့ရာမှ နိုဝင်ဘာ ၈ ရက်တွင် ပစ်ခတ်မှုဖြစ်စဉ်ပါ တရားခံဖြစ်သော စစ်ဇော်ကံ(ခ) ဟန်သာထွန်း(၁၉)နှစ်အား မင်္ဂလာဒုံမြို့နယ်၊ ပတ္တမြားရပ်ကွက်၊ နီလာလမ်း၊ အမှတ်(၁၈၇)နေအိမ်၌ ဆက်စပ်တရားခံ ဖြိုးအိကျော်(၂၄)နှစ်နှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။ ယင်းနောက် ဖမ်းဆီးရမိတရားခံ စစ်ဇော်ကံ(ခ)ဟန်သာထွန်း၏ ထွက်ဆိုချက်အရ လှိုင်မြို့နယ်၊ (၇)ရပ်ကွက်၊ ကျောင်းကုန်း(၁)လမ်းနေ ပစ်ခတ်မှုဖြစ်စဉ်ပါတရားခံ ဗညားစိုးထက်(ခ)လီယို (၂၃)နှစ်အားလည်းကောင်း၊ တိုက်ကြီးမြိုနယ်၊ အုတ်ပုံစုရပ်ကွက်၊ တောင်ပေါ်လမ်း(ခ) ဂျိုးဖြူကန်လမ်းနေ ဆက်စပ်တရားခံ စိုင်းစည်သူ (၃၅)နှစ်အားလည်းကောင်း ဖမ်းဆီးရမိခဲ့ကြောင်းလည်း သိရသည်။

ဖမ်းဆီးရမိတရားခံ စစ်ဇော်ကံ(ခ)ဟန်သာထွန်းသည် ဧပြီလအတွင်း KNLA တပ်မဟာ(၆)နယ်မြေတွင် ဖောက်ခွဲရေးသင်တန်း တက်ရောက်ခဲ့ကြောင်း ဖော်ထုတ်သိရှိရပြီး ၎င်းအနေဖြင့် ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများ လုပ်ဆောင်ရန်ဖွဲစည်းထားရှိသည့် ဥက္ကာ(ဖမ်းဆီးရန်ကျန်) ခေါင်းဆောင်သော ရန်ကုန်တော်လှန်ရေးအင်အားစု (Yangon Revolution Force-YRF)တွင် ဒုတိယ ခေါင်းဆောင်အဖြစ်ပါဝင်၍ တရားခံ ဗညားစိုးထက်(ခ)လီယိုမှာ တတိယခေါင်းဆောင် အဖြစ်ပါဝင်ကြောင်း၊ တရားခံ ဖြိုးအိကျော်သည် YRF အဖွဲ့တွင် ဘဏ္ဍာရေးမှူးအဖြစ်ပါဝင်ပြီး ထောက်ပံ့ရရှိငွေများနှင့် လိုအပ်သည့်လက်နက်/ခဲယမ်းများ ဝယ်ယူမှုကို ချိတ်ဆက်ဆောင်ရွက်ပေးသူဖြစ်ကြောင်း သိရသည်။

ဖမ်းဆီးရမိတရားခံများ၏ ထွက်ဆိုချက်အရ ဦးသိန်းအောင်အား လုပ်ကြံသတ်ဖြတ်သည့်နေ့တွင် တရားခံ ဗညားစိုးထက် (ခ)လီယိုက HYUNDAI ACCENT (အဖြူရောင်) ယာဉ်ကို မောင်းနှင်ပြီး စစ်ဇော်ကံ(ခ)ဟန်သာထွန်း နှင့်အတူသွားရောက်ခဲ့ကြောင်း၊ ဖမ်းဆီးရန် ကျန်တရားခံများဖြစ်သည့် ဖိုးသားနှင့် သားငယ်တိုသည် စက်ဘီး ၂ စီး ဖြင့်လိုက်ပါလာခဲ့ကြောင်း၊ ကုန်းမြင့်သာလမ်းအရောက်တွင် စစ်ဇော်ကံ(ခ) ဟန်သာထွန်းသည် ယာဉ်ပေါ်မှဆင်းပြီး ဖိုးသားထံမှ စက်ဘီးအားယူ၍ စီးနင်းထွက်ခွာသွားခဲ့ပြီး ဖိုးသားက ခြေလျင်ဖြင့်သွားရောက်၍ တေးနုယဉ်လမ်းအရောက်၌ ဦးသိန်းအောင်နှင့် ဇနီးဖြစ်သူတို့အား ပစ္စတိုဖြင့် ၇ ချက် ပစ်ခတ်သတ်ဖြတ်ခဲ့ကြောင်း သိရသည်။ အလားတူပင် ဖမ်းဆီးရမိတရားခံ စစ်ဇော်ကံ(ခ)ဟန်သာထွန်း နှင့်ဗညားစိုးထက် (ခ)လီယိုတို၏ ထွက်ဆိုချက်အရ ဩဂုတ်လ ၅ ရက်တွင် လှိုင်မြို့နယ်၊ (၁၆)ရပ်ကွက်၊ အုတ်ကျင်းဘူတာရုံလမ်းရှိ ကုန်စုံဆိုင်ပိုင်ရှင် ဦးစန်းလင်း နှင့်ဇနီး ဖြစ်သူတို့အား သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ရာတွင် ဦးစန်းလင်းမှာ သေဆုံးခဲ့ပြီး ဇနီးဖြစ်သူအသက်ရှင်သည့် ထိုလုပ်ကြံမှုတွင် ကျန်းမာရေးအထောက်အကူပြုအဖွဲ့ပုံစံ PPE ဝတ်စုံများဝတ်ဆင်ကာ အောင်လေးနှင့်အတူ ပူးပေါင်းပါဝင်ကျူးလွန်ခဲ့ကြောင်း၊ ထိုသို့ လုပ်ကြံသတ်ဖြတ်မှုအတွက် Jame(YUG အဖွဲ့) ထံမှ ငွေကျပ် ၇ သိန်း ရရှိခဲ့ကြောင်း ထွက်ဆိုသည်ဟု YRF အဖွဲဝင်များကို ဖမ်းမိစဥ်က SAC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

တရားခံအဖြစ် ဖမ်းဆီးခံရသူ ကိုစိုင်းစည်သူမှာ YRF အဖွဲ့ ရန်ကုန်မြို့တွင်း အကြမ်းဖက်လုပ်ငန်းများလုပ်ဆောင်ပြီးပါက ကိုစိုင်းစည်သူပိုင်ဆိုင်သော တိုက်ကြီးမြို့နယ်၊ ငါးစုကျေးရွာအနီးရှိ ခြံတွင် ထွက်ပြေးတိမ်းရှောင်နိုင်ရန် ကြိုတင်စီစဉ်ထားခဲ့သည့် ကြံရာပါဖြစ်ကြောင်းလည်း ဖမ်းဆီးရမိတရားခံများ၏ထွက်ဆိုချက်အရ သိရသည်ဟု SAC က သတင်းထုတ်ပြန်ခဲ့သည်။

Leave a Reply

Your email address will not be published. Required fields are marked *

Related News