၂၉. ၁၂. ၂၀၂၂
Written by Nay Aung

မြန်မာနိုင်ငံ မြဝတီဘက်ခြမ်းတွင် ကရင်လက်နက်ကိုင်အဖွဲ့နှင့် တပ်မတော်တို့ တိုက်ပွဲများ ဖြစ်ပွားနေသည့်အတွက် မြန်မာနိုင်ငံသို့ ထိုင်းကုန်စည်များ တင်ပို့ရန် အခက်ခဲများဖြစ်နေပြီး တောင်ကြားလမ်းများကို ဖြတ်သန်းပို့ဆောင်နေရကြောင်း ထိုင်းသတင်းများကဖော်ပြထားသည်။

၂၀၂၃ ခုနှစ် အစောပိုင်းတွင် ထိုင်းနှင့် မြန်မာကြားချိတ်ဆက်ထားသော ချစ်ကြည်ရေးတံတားပြန်လည်ဖွင့်လှစ်ရန် အလားလာများရှိနေချိန်တွင် မြန်မာနိုင်ငံဘက်ခြမ်း၌ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းကြောင့် ထိုင်း ကုန်စည်များ မြန်မာနိုင်ငံသို့ ပို့ဆောင်ရန် အခက်အခဲများ ဖြစ်နေရသည်။

ကရင်ပြည်နယ် မြဝတီမြို့တွင် ဒီဇင်ဘာလလယ်ကတည်းက တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့ခြင်းကြောင့် ကားများသည် အဆိုပါတိုက်ပွဲဖြစ်ပွားနေသည့်နေရာကို ဖြတ်သန်းသွားလာရန် မဖြစ်နိုင်သည့်အတွက် ဘေးကင်းလုံခြုံမှုများရှိစေရန် တိုက်ပွဲဖြစ်ပွားနေသည့်နေရာကို ရှောင်ရှားပြီး သွားလာနေရကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်ခြမ်းသို့ ထိုင်းကုန်စည်များတင်ပို့ရာတွင် မြဝတီမြို့မှ ဒေါနတောင်ကြားလမ်းကို အဓိကထား အသုံးပြုပြီး အဆိုပါလမ်းကြောင်းတွင် ကားအများအပြား သွားလာလှုပ်ရှားနေကြောင်းသိရသည်။

အဆိုပါလမ်းကြောင်းကို အာရှလမ်းမကြီးအသစ်ဟုခေါ်ဆိုကြပြီး လမ်းများကောင်းမွန်မှုမရှိကြောင်း၊ ထိုင်းမီဒီယာများကဖော်ပြထားသည်။ အဆိုပါအာရှလမ်းမကြီးအသစ်ဟု ခေါ်ဆိုသောလမ်းကြောင်းသည် အာရှလမ်းမကြီးနှင့်နှိင်းယှဉ်လျှင်တောင်ကြားလမ်းကို ဖြတ်သန်းရသည့်အတွက် လမ်းကျဉ်းခြင်း၊ လမ်းကွေ့ကောက်ခြင်း၊ မတ်စောက်ခြင်းများရှိနေရာ အန္တရာယ်များကြောင်း သိရသည်။

မြန်မာနိုင်ငံဘက်ခြမ်းသို့ ထိုင်းကုန်စည်များ ပို့ဆောင်နိုင်ရန်အတွက် ကားအကြီး၊ ကားအလတ်များကို အသုံးပြုပြီး အဆိုပါလမ်းကြောင်းကို အဓိကထား အသုံးပြုတင်ပို့နေရကြောင်းသိရသည်။

ပြီးခဲ့သည့် ဒီဇင်ဘာ ၁၆ ရက်က ထိုင်းနှင့် မြန်မာနိုင်ငံကြား ချိတ်ဆက်ထားသော တံတားနားရှိ အာရှလမ်းမကြီးတစ်လျှောက်တွင် ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီးနောက်အဆိုပါ အာရှလမ်းမကြီးကို ဖြတ်သန်းသွားရန် အခက်အခဲများရှိနေခဲ့ကြောင်း သိရသည်။

ref- mgronline

Leave a Reply

Your email address will not be published. Required fields are marked *