၂၉ – ၁၂- ၂၀၂၂
Written By Thandar

ဖိုးသူတော် ရုပ်ရှင်ထုတ်လုပ်ရေးက ရိုက်ကူးထုတ်လုပ်တဲ့ ဟာသဇာတ်လမ်းပုံစံ “ရမ်ဘိုလာပြီ” ရုပ်ရှင်ဇာတ်ကားကိုလာမယ့် ဒီဇင်ဘာ ၃၀ ရက်နေ့မှာ မြန်မာတစ်ပြည်လုံး ရုံတင်ပြသသွားမှာဖြစ်ပါတယ်။

ဒီဇာတ်ကားလေးမှာတော့ ကျော်သက်နဲ့ စကားဝါတို့ဟာ တက္ကသိုလ်ကျောင်းသားဘဝကတည်းက ချစ်သူတွေ ဖြစ်ခဲ့ကြတာပါ။ ဒါပေမယ့် ကျော်သက်ကတော့ အနုပညာဝါသနာပါခဲ့သလို စကားဝါကတော့ ကခုန်ခြင်းကို မကြိုက်နှစ်သက်ခဲ့ပါဘူး။ ကျော်သက်ကတော့ ဖခင်က လူရွှင်တော်မျိုးရိုးဖြစ်တဲ့အတွက် မကရ မနေနိုင်သူပါ။

ချစ်သူရဲ့ မိခင်ဖြစ်တဲ့သူကလည်း အကအခုန်ဆိုရင် စိတ်နာမုန်းတီးနေသူဖြစ်သလို သမီးဖြစ်သူကိုလည်း ကျော်သက်ကို သဘောမတူဘဲ တခြား မောင်မောင်ပေါဆိုသူနဲ့ သဘောတူခဲ့ပါတယ်။

စကားဝါကလည်း ချစ်သူကျော်သက်ရဲ့ ဝါသနာကို စွန့်လွှတ်ဖို့နဲ့ အလုပ်အကိုင်တစ်ခုခု ရှိအောင်ကြိုးစားစေခဲ့ပါတယ်။ အလုပ်ရှိမှ နှစ်ဦး နီးစပ်နိုင်မှာပါ။ ကျော်သက်ကလည်း ဖခင်ရဲ့ ဆွေမျိုးတွေရှိရာ ရွာကိုဘုန်းတော်ကြီးသင် စာသင်ကျောင်းဆရာအဖြစ် သူငယ်ချင်း မောင်မောင်သိန်းနဲ့အတူ အလုပ်ရသွားပါတယ်။ စကားဝါက ကျောင်းဆရာအလုပ်က မကြီးပွားပေမယ့် အလုပ်ရဖို့အတွက် လက်လျော့ပေးခဲ့ပါတယ်။

တကယ်တော့ ကျော်သက်နဲ့ သူငယ်ချင်း မောင်မောင်သိန်းတို့ ရောက်သွားတဲ့ ရွာမှာ တစ်ရွာလုံးက အနုပညာ ဝါသနာပါနေကြတာပါ။ ဒီရွာရဲ့ ထူးခြားချက်လေးကတော့ တစ်ရွာလုံး (သ)နဲ့ (တ) (၇) နဲ့ (၁၂) စကားမပီ လွဲမှားစွာ ပြောဆိုလေ့ရှိပါတယ်။ ကျော်သက်ဟာ ရွာမှာ ဥက္ကဋ္ဌရဲ့သမီး လုံးခင်၊ ရွာသူအချောအလှ ညိုလှတို့နဲ့ ရင်းနှီးခဲ့ကြပါတယ်။

ဒီနောက်ပိုင်း ဇာတ်လမ်းလေးကိုတော့ ရုံတင်ပိတ်ကားပေါ်မှာ ဆက်လက်ရှုစားရမှာပဲဖြစ်ပါတယ်။

ဒီဇာတ်ကားကို ဇာတ်လမ်း ထူးဆွေအောင် ၊ ဇာတ်ညွှန်း ကြည်သာ(ပွဲကြိုက်ခင်)၊ နေစိုးသော်တို့က ရေးသားထားပြီးတော့ ဒါရိုက်တာ အကယ်ဒမီ ကိုဇော်(အရုဏ်ဦး)က ရိုက်ကူးကာ သရုပ်ဆောင်တွေဖြစ်ကြတဲ့ ပြေတီဦး ၊ ကျော်ကျော်ဗို ၊ စိုးမြတ်သူဇာ ၊ ခိုင်သင်းကြည် ၊ စမိုင်းလ် ၊ အေးမြတ်သူ ၊ ကြည်သာ (ပွဲကြိုက်ခင်)၊ ဦးမိုးဒီ၊ ‌ဒေါ်နွဲနွဲစန်း ၊ ဆင်မ ၊ 5 Star အဖွဲ့ စတဲ့သူတွေ ပါ၀င်သရုပ်ဆောင်ထားကြပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *