၂၉. ၁၁. ၂၀၂၂
Written by Nay Moe

၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်အတွက် ထပ်တိုးသုံးစွဲရန် ဘတ်ဂျက်များတောင်းခံရာတွင် ကာကွယ်ရေးဝန်ကြီးဌာနကို ကျပ်ဘီလျံ ၄၄၀ ကျော်သုံးစွဲခွင့်ပြုမှု အပါအဝင် ဝန်ကြီးဌာနများအတွက် ဖြည့်စွက်ဘတ်ဂျက် ကျပ် ၂၆၁၁ ဒသမ ၅ ဘီလျံကျော် ထပ်မံခွင့်ပြုလိုက်ကြောင်း၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေတွင် ဖော်ပြထားမှုအရ သိရသည်။

၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေး ဥပဒေတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ပြည်ထောင်စုရာထူးဝန်အဖွဲ့တို့အတွက် ကျပ် ၄ ဒသမ ၃ ဘီလျံကျော် ခွင့်ပြုပေးထားပြီး နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများကိုမူ ကျပ် ၁၄၀၇ ဘီလျံကျော် ခွင့်ပြုပေးခဲ့သည်။

ထို့အတူ ပြည်ထောင်စုဘဏ္ဍာရန်ပုံငွေအစီအစဥ်ပြင်ပမှ ဆောင်ရွက်သော နိုင်ငံတော်ပိုင်စီးပွားရေးအဖွဲ့အစည်းများကို ကျပ် ၄၅ ဘီလျံကျော် ထပ်တိုးခွင့်ပြုပေးခဲ့ပြီး တပ်မြို့စည်ပင်သာရေးအဖွဲ့များအတွက် ကျပ် ၄၈ သန်းကျော်၊ နေပြည်တော်ကောင်စီအတွက် ကျပ် ၆ ဒသမ ၂ ဘီလျံကျော်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီအတွက် ကျပ် ၈ ဒသမ ၈ ဘီလျံကျော်၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်အတွက် ကျပ် ၃ ဒသမ ၂ ဘီလျံကျော်ခွင့်ပြုပေးခဲ့သည်ဟု သိရသည်။

လက်ရှိဘဏ္ဍာနှစ်အတွက် ထပ်တိုးဘတ်ဂျက်စုစုပေါင်း ကျပ် ၂၆၁၁ ဒသမ ၅ ဘီလျံကျော်ခွင့်ပြုခဲ့သဖြင့် ကနဦးဘတ်ဂျက်စာရင်း မူလခန့်မှန်းခြေတွင် ရငွေ ကျပ် ၂၃ ဒသမ ၄ ထရီလျံကျော်၊ သုံးငွေ ကျပ် ၃၀ ဒသမ ၈ ထရီလျံကျော်၊ လိုငွေ ကျပ် ၇ ဒသမ ၄ ထရီလျံရှိခဲ့၍ ယခုဘဏ္ဍာနှစ် ဘတ်ဂျက်လိုငွေမှာ ကျပ် ၉ ထရီလျံကျော်၊ ကျပ် ၁၀ ထရီလျံခန့် ဖြစ်ပေါ်လာနိုင်မည်ဖြစ်သည်။

Leave a Reply

Your email address will not be published. Required fields are marked *