ရထားနှင့်ကား တိုက်မိမှုမြင်ကွင်း(Photo-MFSD)

MT News

Written by Naing Thuta

ရထားစက်ခေါင်းနှင့် မော်တော်ယာဉ်တစ်စီးတို့တိုက်မိကာ ၅ ဦးဒဏ်ရာရရှိမှု ညောင်ဦးမြို့နယ်တွင် ဒီဇင်ဘာ ၂၆ ရက်နေ့ကဖြစ်ပွားခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၂၆ ရက် ညနေ ၆ နာရီခွဲကျော်က မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာလမ်းခွဲတွင် တောင်တွင်းကြီးမြို့မှ ပုဂံမြို့သို့မောင်းနှင်လာသောမီးရထားစက်ခေါင်းနှင့် တောင်ကြီးမြို့မှ လက်ဝဲရွာသို့ သွားရောက်ရန်မောင်းနှင်လာသော HiAce အမျိုးအစား အဖြူရောင်မော်တော်ယာဉ်တို့ တိုက်မိကာ လူ ၅ ဦးဒဏ်ရာရရှိခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဌာနချုပ်၏ ထုတ်ပြန်ချက်အရ သိရသည်။

အဆိုပါအခင်းဖြစ်ပွားရာသို့ ညောင်ဦးခရိုင်မီးသတ်စခန်း၊ ညောင်ဦးမြို့နယ်မီးသတ်စခန်းနှင့် အမှတ် (၅)အရန်မီးသတ်တပ်ဖွဲ့စခန်းတို့မှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များက ကယ်ဆယ်ကူညီပေးခဲ့ကြောင်း သိရသည်။

ယင်းဖြစ်စဉ်ကို MT News သတင်းဌာနအနေဖြင့် ညောင်ဦးမြို့နယ်မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးအားဖုန်းဖြင့်မေးမြန်းစုံစမ်းခဲ့ရာ ” ရထားလမ်းနဲ့ကားလမ်းဆုံတဲ့နေရာမှာ ရထားစက်ခေါင်းနဲ့ ကားနဲ့ ဝင်တိုက်မိတာပါ။ အခင်းဖြစ်ရာနေရာကို မြို့နယ်မီးသတ်အဖွဲ့နဲ့ အမှတ် (၅) အရန်တပ်ဖွဲ့ဝင်တွေနဲ့ ပူးပေါင်းပြီးတော့ သွားရောက်ကယ်ဆယ်ခဲ့ပါတယ်။ ကားပေါ်မှာလိုက်လာတဲ့ ခရီးသည် ၁၁ ယောက်ထဲက ၅ ယောက်တော့ ဒဏ်ရာအနည်းငယ်ရသွားကြပါတယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရပါဘူး” ဟု ၎င်းကဆိုသည်။

၎င်းကားပေါ်တွင်လိုက်ပါလာည့် ခရီးသည် ၁၁ ဦးအနက် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး၊ စုစုပေါင်း ၅ ဦးထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် ညောင်ဦးခရိုင်အမှတ် (၅)အရန်မီးသတ်တပ်ဖွဲ့လူနာတင်ယာဉ်ဖြင့် ညောင်ဦးမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *