MT News

Written by Hey Mar

ကမ္ဘာကျော်ယာဥ်လိုင်းမှ ခရီးသည်တင်ယာဥ်မှ ကားချင်းပြိုင်မောင်း၍ ကျော်တက်ချိန် လမ်းဘေးတွင် ရပ်ထားသည့် တွဲကားနောက်ပိုင်းအားဝင်တိုက်မိပြီး လူ ၄ ဦးသေဆုံးခဲ့မှု ဒီဇင်ဘာ ၂၇ ရက် နံနက် ၉ နာရီ ၃၀ မိနစ်ခန့်က ပဲခူးတိုင်းဒေသကြီး အင်းတကော်မြို့နယ်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပဲခူး -အင်းတကော် -သာယာအေးလမ်းဆုံအနီး တွဲကား အနောက်ကို ခရီးသည်တင်ကား ဝင်တိုက်မိ၍ ယာဥ်အတွင်း လူညပ်နေကြောင်းနှင့် လူလေးဦးသေဆုံးကာ စိုးရိမ်ရသည့် ဒဏ်ရာပြင်းထန်သူများရှိနေကြောင်း ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည့် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအသင်းမှ ပဲခူးတိုင်းဒေသကြီး ခရိုင်မှူး ဦးအောင်ကျော်ဦးက MT News သို့ ပြောသည်။

ဦးအောင်ကျော်ဦးမှ “ခရီးသည်တင်ယာဥ်က အိတ်စပတ်အမျိုးအစား ကမ္ဘာကျော်ယာဥ်လိုင်းပါ။ ကားခေါင်းပိုင်းတစ်ခုလုံးက တွဲကားအောက်ရောက်သွားတော့ ရှေ့ပိုင်းက ယာဥ်မောင်း၊ ယာဥ်နောက်လိုက်အပါအဝင် ခရီးသည်တစ်ဦး ၊ ကျား ၃ ဦးက သေဆုံး၊ မ တစ်ဦးကတော့ ဆေးရုံမှာသေဆုံးတယ်။ စုစုပေါင်း လူ ၄ ဦး သေဆုံးတာပေါ့။ ယာဥ် အချင်းချင်း အပြိုင်မောင်းနှင်၊ ကျော်တက်ရာကနေ အောက်ကြောက ရပ်ထားတဲ့ကားကို ဝင်တိုက်တာပါ။ ကျွန်တော်တို့ကယ်ဆယ်ရေးအဖွဲ့က ပဲခူးမြို့ထဲက ပရဟိတကားတွေအပါအဝင် သူနာတင်ယာဥ် ၁၁ စီးနဲ့ ပဲခူးဆေးရုံကြီးကို သယ်ဆောင်တင်ပို့ပေးခဲ့ပါတယ်” ဟု ဦးအောင်ကျော်ဦးက ပြောသည်။

ယာဥ်တိုက်မှုကြောင့် ခရီးသည်တင်ကားမှ ခန္ဓာကိုယ် ပြတ်ထွက်သေဆုံးသည့် ရုပ်အလောင်း၂ ခုနှင့် ဦးခေါင်းညှပ်သေဆုံး ရုပ်အလောင်းတစ်ခု အပါအဝင် စိုးရိမ်ရ ဒဏ်ရာရရှိသူ ၇ ဦးရှိကြောင်းသိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *