MT News

Written by Naing Thuta

အမရပူရမြို့နယ်ရှိ ကျေးရွာ ၅ ရွာနှင့် ရန်ကုန်- မန္တလေးကားလမ်းဘေးအတွင်း အစိုးရ၊ ပုဂ္ဂလိကပိုင်မြေပေါ်တွင် နေထိုင်နေကြသော ကျူးကျော်တဲများ၊ နေအိမ်များ၊ ဆိုင်ခန်းများကို မန္တလေးမြို့တော်စည်ပင်သာယာ ရေးအဖွဲ့မှ ဒီဇင်ဘာ ၂၆ ရက်တွင် ဖြိုဖျက်ရှင်းလင်းခဲ့ရာ အိမ်ခြေ ၂၀၀ ခန့်ပါဝင်ကာ လူ ၇၀၀ နီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေရကြောင်း ဒေသခံများထံမှ သိရသည်။

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ် ၊ ရွှေကြက်ယက်ကျေးရွာအုပ်စု၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စု၊ ကြည့်မြင်တိုင်ကျေးရွာအုပ်စု၊ ဆေးအိုးဘိုကျေးရွာအုပ်စု၊ တပ်ကြီးကျေးရွာအုပ်စုနှင့် ရန်ကုန်-မန္တလေးအမြန်လမ်းဘေးရှိ အစိုးရပိုင်မြေ၊ ပုဂ္ဂလိကပိုင်မြေများတွင် တရားမဝင်ကျူးကျော်ဆောက်လုပ်ထားသော ဈေးဆိုင်ခန်းများ၊ တဲများအား ဒီဇင်ဘာ ၂၆ ရက် နံနက် ၁၀ နာရီမှစတင်ပြီး တစ်နေ ကုန်သည့်အထိ ဖြိုဖျက်ရှင်းလင်းခဲ့ရကြောင်း မြို့တော််စည်ပင် မြေယာဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ သိရသည်။

အဆိုပါဖြိုဖျက်ရှင်းလင်းခံရမှုတွင် ရွှေကြက်ယက်ကျေးရွာအုပ်စုရှိ ပုဂ္ဂလိကပိုင်မြေအတွင်း ကျူးကျော် လျက်ရှိသော ယာယီကျူးကျော်တဲ (၇)လုံး၊ အိမ်ထောင်စု ( ၇)စုရှိ လူဦးရေ (၃၃)ဦး၊ ဘုန်းတော်နိုင်ငံကျေးရွာအုပ်စုအတွင်း အိုးထုတ်တန်းလမ်းဘေးဝဲယာရှိ ယာယီ ကျူး‌ကျော်ဆိုင်ခန်းနှင့်တဲ (၇၄)လုံး၊ အိမ်ထောင်စု (၆၈)စုရှိ လူဦးရေ(၃၅၁) ဦးခန့်အားလည်း ကောင်း၊ ကြည့်မြင်တိုင်ကျေးရွာအုပ်စုအတွင်းရှိ ဆေးအိုးဘို – အိုးထုတ်တန်းလမ်းဘေးဝဲယာတွင် ယာယီကျူးကျော်တဲ (၂၅)လုံး၊ အိမ်ထောင်စု (၂၅)စု၏ လူဦးရေ(၅၉)ဦး၊ ဆေးအိုးဘိုကျေးရွာအုပ်စုအတွင်း၊ ဆေးအိုးဘို – အိုးထုတ်တန်းလမ်းဘေးဝဲယာရှိ ယာယီကျူးကျော်တဲ (၅)လုံး၊ အိမ်ထောင်စု (၅)စု၊ လူဦးရေ(၁၈)ဦးနှင့် တပ်ကြီးကျေးရွာအုပ်စုအတွင်းရှိ ဆေးအိုးဘို – အိုးထုတ်တန်းလမ်းဘေးဝဲယာတွင် ဆောက်လုပ်နေထိုင်နေကြသော ယာယီကျူးကျော်တဲ (၇)လုံး၊ အိမ်ထောင်စု (၇)စုရှိ လူဦးရေ (၂၂)ဦးခန့်တို့ကို ဖြိုဖျက်ရှင်းလင်းခံခဲ့ရသည်။

အလားတူပင် ရန်ကုန်-မန္တလေးအမြန်လမ်းဘေးရှိ တံခွန်တိုင်မှ တိုးဂိတ်အထိ ယာယီကျူးကျော်တဲ (၁၃)လုံး၊ အိမ်ထောင်စု (၅)စုမှ လူဦးရေ(၃၀)ဦးခန့် ၊ ရန်ကုန်-မန္တလေးအမြန်လမ်းဘေးရှိ တံခွန်တိုင်တိုးဂိတ်မှ ဆေးအိုးဘိုအဝိုင်းပတ်လမ်းတလျှောက်တွင်နေထိုင်ကြသော လမ်းဘေးဝဲယာ ယာယီကျူးကျော်တဲ (၆၁) လုံး၊ အိမ်ထောင်စု(၆၁)စုမှ လူဦးရေ (၁၅၈)ဦးတို့ကို အသီးသီးဖြိုဖျက်ရှင်းလင်းခဲ့ကြောင်း သိရသည်။

ယင်းဖြိုဖျက်မှုတွင် ပုဂ္ဂလိကကျူးကျော်တဲ(၇)လုံး၊ လမ်းဘေးဝဲယာကျူး‌ကျော်ဆိုင်ခန်းများနှင့် တဲများ(၁၈၅) လုံး၊ အိမ်ထောင်စု(၁၇၈) စုတို့မှ လူဦးရေ (၆၇၁) ဦးခန့်အား ဖယ်ရှားရှင်းလင်းခံခဲ့ရကြောင်း သိရသည်။

ထိုသို့ရှင်းလင်းခဲ့သောကြောင့် အချို့သောသူများ နေစရာမရှိသောကြောင့် အဆိုပါလမ်းဘေးများတွင် ဖြစ်သလိုနေထိုင်နေကြလျှက်ရှိပြီး အချို့မှာမူ နီးစပ်ရာ ဘုန်းကြီးကျောင်းများတွင် နေထိုင်နေကြကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *