MT News

Written by Nay Aung

ထိုင်း စွမ်းအင်ကုမ္မဏီဖြစ်သော PTT ၏ လက်အောက်ခံကုမ္မဏီတစ်ခုဖြစ်သော PTTOR သည် မြန်မာနိုင်ငံတွင် လုပ်ကိုင်နေသည့် Bright Energyကုမ္ပဏီတွင်ပါဝင်ပြီး လုပ်ငန်းများလုပ်ကိုင်မှုကို ဆိုင်းငံ့လိုက်ကြောင်းသိရသည်။

ကမ္ဘာအကြီးဆုံးနော်ဝေရန်ပုံငွေအဖွဲ့က ထိုင်းအခြေစိုက် PTT နှင့် PTTOR တို့ကို တပ်အုပ်စုနှင့် ဆက်သွယ်ကာ လူအခွင့်ရေးချိုးဖောက်မှုများရှိနေသည်ဆိုကာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်မည့်စာရင်းမှ ဖယ်ရှားလိုက်ပြီးနောက် PTTOR က မြန်မာနိုင်ငံတွင် လုပ်ကိုင်ရန်စီစဉ်ထားသော စီမံကိန်းများကို ဆိုင်းငံ့လိုက်ခြင်းဖြစ်ကြောင်းသိရသည်။

PTTOR သည် ၂၀၁၉ခုနှစ်တွင် မြန်မာ စီးပွားရေးလုပ်ငန်းစု ကမ္ဘောဇနှင့် ပူးပေါင်းပြီး Bright Energy ကုမ္မဏီကိုတည်ထောင်ခဲ့ပြီးအဆိုပါ Bright Energy တွင် ထိုင်း PTTORက ရှယ်ယာ ၃၅ရာခိုင်နှုန်း ပိုင်ဆိုင်ကြောင်းသိရသည်။

Bright Energy သည် ရန်ကုန်မြို့အနီးတွင် ရေနံသိုလှောင်ရုံတည်ဆောက်နေပြီး မြန်မာနိုင်ငံတွင်အကြီးမားဆုံးရေနံသိုလှောင်ရုံဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။

PTTORက ၎င်းတို့အနေဖြင့် မြန်မာစီးပွားရေးလုပ်ငန်းစုနှင့် အကျိူးတူ ပူးပေါင်းဆောင်ရွက်နေသည့် Bright Energy ၏ လုပ်ငန်းများ၊ တည်ဆောက်ရေးလုပ်ငန်းများနှင့် ငွေပေးချေမှုများကို ဆိုင်းငံ့ထားမည်ဖြစ်ကြောင်း ပြီးခဲ့သည့် သီတင်းပတ်တွင် သတင်းထုတ်ပြန်ခဲ့သည်။

PTT ၏ လက်အောက်ခံကုမ္မဏီတစ်ခုဖြစ်သော ရေနံထုတ်လုပ်ရေး လုပ်ငန်းများလုပ်ကိုင်နေသည့် PTTEP သည်မြန်မာနိုင်ငံ၏ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော်ရေးလုပ်ငန်းများတွင်ပါဝင်လုပ်ကိုင်နေပြီး ရေနံများကို ထိုင်းနိုင်ငံသို့ တစ်ဆင့်ပြန်လည်လွှဲပြောင်းပေးနေကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ ဓာတ်ငွေ့သည် ထိုင်းနိုင်ငံရှိ ဓာတ်ငွေ့သုံးစွဲမှုအားလုံး၏ ၁၅ရာခိုင်နှုန်းဖြစ်ကြောင်း၊ PTTEP သည် မြန်မာ့​ရေနံ နှင့် ဓာတ်ငွေ့လုပ်ငန်းတွင်ပါဝင်လုပ်ကိုင်ပြီး ရရှိသည့် ရေနံ၊ ဓာတ်ငွေ့များကို မိခင်နိုင်ငံသို့ ပြန်လွှဲပြောင်းပေးမှုများရှိနေကြောင်း သိရသည်။

ထို့အတူ ပြင်သစ်အခြေစိုက် Total Energies သည် ရတနာ ဓါတ်ငွေ့တူးဖော်ရေးလုပ်ငန်းတွင်ပါဝင်လုပ်ကိုင်မှုများ ပြန်ရုတ်သိမ်းသွားခဲ့ပြီးနောက် PTTEP က အဆိုပါဓာတ်ငွေ့တူးဖော်ရေးလုပ်ငန်းရှိ ရှယ်ယာများကိုလွှဲပြောင်းရယူမည်ဟု ကြေညာခဲ့ဖူးသည်။ ထို့အပြင် PTTEP က မြန်မာနိုင်ငံရှိ ရဲတံခွန်ဓာတ်ငွေ့လုပ်ငန်းတွင်ပါဝင်လုပ်ကိုင်မှုများကို ပြန်လည်ရုတ်သိမ်းသွားမည်ဖြစ်ကြောင်း ပြီးခဲ့သော ဧပြီလတွင် သတင်းထုတ်ပြန်ခဲ့ဖူးသည်။

ref- pattayamail

Leave a Reply

Your email address will not be published. Required fields are marked *