၂၇.၁၂.၂၀၂၂
Written by Nay Aung

အင်ဒိုနီးရှားအမျိုးသမီးတစ်ဦးဟာ ပေးစရာရှိတဲ့အကြွေးတွေကိုမပေးဘဲ ရှောင်ရှားနိုင်အောင် ကြိုးပမ်းမှုအဖြစ် ဟန်ဆောင်သေဆုံးမှုတွေ လုပ်ဆောင်ခဲ့တာကြောင့် လူအများကြား စိတ်ဝင်စားမှုမြင့်တက်နေပါတယ်။

“L” အမည်ရှိ အင်ဒိုနီးရှားအမျိုးသမီးဟာ မာယာဂူနာဝမ်အမည်ရှိအမျိုးသမီးကို အကြွေးတွေမပေးရဖို့အတွက် ကမ္ဘာကျော်လူမူကွန်ရက် ဖေ့ဘွတ်စ်ကိုအသုံးချခဲ့ပြီး ဖေ့ဘွတ်စ်ပေါ်မှာ သူမသေဆုံးကြောင်း ဓာတ်ပုံတွေရိုက်ကူးတင်ကာ ဟန်ဆောင်သေဆုံးကြောင်း ကြံစည်လုပ်ဆောင်ခဲ့တယ်လို့ စွပ်စွဲခံနေရပါတယ်။

“L” အမည်ရှိ အမျိုးသမီးတစ်ဦးဟာ ချေးယူထားတဲ့ငွေကို နိုဝင်ဘာ ၂၀ ရက်နေ့ နောက်ဆုံးထားပေးချေရမှာဖြစ်ပေမယ့် ပေးချေနိုင်ခဲ့ခြင်းမရှိခဲ့သလို နိုဝင်ဘာ ၂၀ ရက်နေ့မှာ မပေးနိုင်တဲ့အတွက် ပေးရမယ့်အကြွေးကို ဒီဇင်ဘာ ၆ ရက်နေ့မှာ နောက်ဆုံးထားပေးဖို့ ထပ်မံချိန်းဆိုသဘောတူညီခဲ့ပါတယ်။

“L”ဟာ မာယာဂူနာဝမ်ကို အမေရိကန်ဒေါ်လာ ၂၇၀ အကြွေးပေးချေဖို့ရှိနေတာဖြစ်ကြောင်း သိရပါတယ်။ “L” ဟာ သတ်မှတ်ထားတဲ့ရက်အတွင်း ပေးရမယ့်အကြွေးကို ထပ်မံသဘောတူညီထားတဲ့ ဒီဇင်ဘာ ၆ ရက်နေ့မှာလည်း ပေးချေနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီလိုအကြွေး မပေးချေနိုင်ချိန် ဒီဇင်ဘာ ၁၂ ရက်နေ့မှာ“L” ရဲ့ သမီးဖြစ်သူရဲ့ ဖေ့ဘွတ်စ်အကောင့်ကနေ မိခင်ဖြစ်သူဟာ ကားအက်ဆီးဒန့်ကြောင့် သေဆုံးသွားခဲ့တယ်ဆိုတဲ့ ပိုစ့်တင်ကြေညာခဲ့ပါတယ်။

“L” ရဲ့ သမီးဖြစ်သူရဲ့ဖေ့ဘွတ်စ့်အကောင့်မှာ မိခင်ဖြစ်သူဟာ ဆူမတ်တြားမြောက်ပိုင်း မီဒန်ဒေသက သူမတို့အိမ်အနီးက တံတားမှာ ကားအက်ဆီးဒန့်ဖြစ်ကာသေဆုံးခဲ့ကြောင်း၊ သူမရဲ့ရုပ်အလောင်းကို ဘန်ဒါအေစ့်မြို့ကနေ မိုင်ပေါင်း ၃၇၀ အကွာက သုသာန်မှာ မီးသဂြိုလ်သွားမှာဖြစ်ကြောင်း၊ ဖေ့ဘွတ်စ်မှာ ထပ်မံကြေညာခဲ့ကြောင်း သိရပါတယ်။

“L” ရဲ့သမီးဖြစ်သူ ဖေ့ဘွတ်စ်အကောင့်မှာ အခေါင်းထဲမှာ သေဆုံးနေတဲ့မိခင်ဖြစ်သူရဲ့ ရုပ်အလောင်းဓာတ်ပုံတွေ၊ ဆေးရုံမှာ ရုပ်အလောင်းကို ဘီးတပ်တွန်းလှည်းပေါ်တင်ကာ တွန်းနေတဲ့ပုံတွေကို ဖေ့ဘွတ်စ်မှာ ပိုစ့်တင်ဖော်ပြခဲ့တာပါ။

ဒါပေမယ့်“L” ရဲ့သမီးဖြစ်သူက နောက်ပိုင်းမှာ သူရဲ့အကောင့်ကနေတင်ခဲ့တဲ့ပုံတွေ၊ ပိုစ့်တွေနဲ့ပတ်သက်ပြီး ဝန်ခံပြောဆိုခဲ့ပြီး အဲဒီပုံတွေနဲ့ ပိုစ့်တွေဟာအလိမ်အညာတွေသာဖြစ်တယ်လို့ ဝန်ခံခဲ့ကြောင်း သိရပါတယ်။

သမီးဖြစ်သူက မိခင်ဖြစ်သူဟာ သူမရဲ့ဖေ့ဘွတ်စ်အကောင့်ကို ခိုးယူကာ ပုံတွေနဲ့ ပိုစ့်တွေတင်ခဲ့တာလို့ ဝန်ခံပြောဆိုခဲ့ကြောင်း သိရပါတယ်။

အကြွေးရှင်ဖြစ်သူ မာယာဂူနာဝမ်လည်း အဆိုပါသတင်းကို ကြားကြားချင်း အံအားသင့်မိခဲ့သလို နောက်ပိုင်းမှာ “L” ရဲ့သမီးဖြစ်သူ ပြန်ရှင်းပြမှုကြောင့် အဖြစ်မှန်ကို သိရှိခဲ့ပေမဲ့ အကြွေးတွေရယူနိုင်ဖို့အတွက် ရဲစခန်းမှာအမှုမဖွင့်သေးဘဲ စောင့်ကြည့်နေဆဲဖြစ်ကြောင်း အင်ဒိုနိးရှားမီဒီယာတွေက ဖော်ပြပါတယ်။

ref- nypost

Leave a Reply

Your email address will not be published. Required fields are marked *