SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁ ရက်တွင် ကျရောက်သည့် ၇၅ နှစ် မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနားဂုဏ်ပြုအမှာစကားပြောကြားစဉ်

MT News

Written by Tha Doe

ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်ပါက တပ်မတော် လက်လှမ်းမမီသည့်ဒေသ၊ လက်လှမ်းမမီသည့် ကုသမှုအမျိုးအစားများ မရှိသလောက်ဖြစ်နေပြီဆိုရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်က အောက်တိုဘာ ၁ ရက်တွင် ကျရောက်သည့် ၇၅ နှစ် မြောက် စိန်ရတုဆေးတပ်ဖွဲ့နေ့ အခမ်းအနား ဂုဏ်ပြုအမှာစကားတွင် ထည့်သွင်းပြောကြားသည်။

ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များသည် လွတ်လပ်ရေးကြိုးပမ်းမှုကာလများတွင် စွမ်းစွမ်းတမံ ဆောင်ရွက်ခဲ့ကြသည့်နည်းတူ လွတ်လပ်ရေးရပြီးကာလများတွင်လည်းတိုင်းပြည်တာဝန်ကို ကျရာကဏ္ဍမှ ထမ်းဆောင်ခဲ့ကြသည်ကို သမိုင်းတစ်လျှောက် သာဓကများစွာ တွေ့မြင် ကြရမည်ဖြစ်သည်။ တပ်မတော်၏ စစ်ဆင်ရေးများဖြစ်သည့် အင်းစိန်တိုက်ပွဲ၊ တရုတ်ဖြူ ကျူးကျော်မှုမှစ၍ စစ်ဆင်ရေးများအထိ တိုက်ပွဲပေါင်း၊ စစ်ဆင်ရေးပေါင်းများစွာ၌လည်း ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များ စွမ်းစွမ်းတမံကျေပွန်စွာ တာဝန်ထမ်းဆောင်ခဲ့ကြသည်ကို မြင်တွေ့ခဲ့ကြရမည်ဖြစ်ပြီး ထိုကဲ့သို့စစ်ဆင်ရေးတာဝန်များကို ထမ်းဆောင်ခဲ့ကြရာတွင် ဗိုလ်ကြီးသူရမွန်ထော်သက်ညွန့် ကဲ့သို့ တိုင်းပြည်အတွက် စွန့်လွှတ်စွန့်စား ဆောင်ရွက်ခဲ့ကြသည့်ထူးချွန်သူပေါင်းများစွာကိုလည်း ဆေးတပ်ဖွဲ့သမိုင်းတစ်လျှောက်တွင် များစွာတွေ့မြင်ခဲ့ရသည်။

ဆေးဝန်ထမ်းတပ်ဖွဲ့ဝင်များအနေဖြင့် စစ်မြေပြင် ဆေးအကာအကွယ်ပေးရေး တာဝန်များသာမက အရာရှိ၊ စစ်သည်များ၊ မိသားစုဝင်များနှင့် ဒေသခံပြည်သူလူထု၏ ကျန်းမာရေးစောင့်ရှောက်မှုအတွက်ကိုလည်း တပ်မတော်ဆေးရုံများတွင် ဆောင်ရွက်ပေးလျက်ရှိသည်ကို တွေ့ရသည်။

တပ်မတော်ဆေးရုံများကို အဆင့်မြှင့်တင်ခဲ့ရာတွင် ယခုအချိန်၌ ကျောက်ကပ်အစားထိုး ကုသနိုင်သော ဆေးရုံ ၄ ရုံ၊ အသည်းအစားထိုး ကုသပေးနိုင်သောဆေးရုံ ၁ ရုံ၊ နှလုံးသွေးကြော ရောဂါရှာဖွေခြင်းနှင့် သွေးကြောချဲ့ကုသနိုင်သော ဆေးရုံ ၄ ရုံ၊ နှလုံးခွဲစိတ် ကုသနိုင်သော ဆေးရုံ ၂ ရုံနှင့် ဓာတ်ရောင်ခြည်ဖြင့် ကင်ဆာရောဂါကုသနိုင်သော ဆေးရုံ ၃ ရုံ တို့ ရှိခဲ့ပြီး ဖြစ်သည်၊၊ ထိုကဲ့သို့ ကြိုးပမ်းဆောင်ရွက်ခဲ့ကြသည့်အတွက် ယခုအခါတွင် တပ်မတော်အနေဖြင့် နှလုံးနှင့် ဦးနှောက်ခွဲစိတ်ကုသခြင်း၊ နှလုံးသွေးကြောအား Stent ထည့်ကုသခြင်း၊ နှလုံးခုန်နှုန်းထိန်းညှိစက်ထည့်သွင်းခြင်း၊ ကျောက်ကပ် အစားထိုး လဲလှယ်ခြင်း၊ ရင်ခေါင်းခွဲစိတ်ကုသခြင်း စသည့် အဆင့်မြင့် ပြုစုကုသမှုများကို နိုင်ငံတကာ နည်းတူ ဆောင်ရွက်လာနိုင်သည်ကိုလည်း ဝမ်းမြောက်ဖွယ်ရာ မြင်တွေ့ရမည် ဖြစ်သည့်အပြင် မကြာသေးမီက မြန်မာ့တပ်မတော်ဆေးဝန်ထမ်းတပ်ဖွဲ့၏ သမိုင်း မှတ်တိုင်တစ်ခုအနေဖြင့် ပထမဆုံးအကြိမ် အသည်းအစားထိုးကုသမှုကို အောင်မြင်စွာ ဆောင်ရွက်နိုင်ခဲ့သည်ကို တွေ့ရှိရသည့်အတွက် လွန်စွာဂုဏ်ယူဝမ်းမြောက်ကြောင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ပတ်သက်ပါက တပ်မတော် လက်လှမ်းမမီသည့်ဒေသ၊ လက်လှမ်းမမီသည့် ကုသမှုအမျိုးအစားများ မရှိသလောက်ဖြစ်နေပြီဆိုရမည်ဖြစ်ကြောင်း SAC ဥက္ကဋ္ဌ ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

Leave a Reply

Your email address will not be published. Required fields are marked *