KNPP နှင့် PDF တို့က အရပ်သား ၆၃ ဦး လိုက်ပါလာသည့် MNA လေယာဥ်ကို ပစ်ခတ်မှုကြောင့် ဒဏ်ရာရခဲ့သည့် ပြည်သူတစ်ဦးကို တွေ့ရစဥ်

၁. ၁၀. ၂၀၂၂

Written By Nay Moe

အရပ်သားများစီးနင်းသည့် MNA လေယာဉ်ကို KNPP နှင့် PDF တို့ လုပ်ဆောင်ခြင်းဖြစ်သည်ဟု SAC က ထုတ်ပြန်မှုအပေါ် KNPP က ငြင်းဆိုလိုက်ပြီး ထိုသို့ငြင်းဆိုနေခြင်းမှာ ကျုးလွန်ပြီးသည့်အချိန်မှ ကြီးမားသည့် ရာဇဝတ်မှုဖြစ်မှန်းသိသဖြင့် ငြင်းဆိုနေခြင်းဖြစ်သည်ဟု SAC ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက အောက်တိုဘာ ၁ ရက်တွင် နိုင်ငံပိုင်မီဒီယာမှတစ်ဆင့် ထပ်မံပြောကြားသည်။

အရပ်သား ၆၃ ဦး စီးနင်းလာသည့်လေယာဥ်ကို KNPP နှင့် PDF က ပစ်ခတ်သည်ဟု SAC က သတင်းထုတ်ပြန်ပြီးနောက် KNPP ပြောရေးဆိုခွင့်ရှိသူက ”ကျွန်တော်တို့ KNPP က နှစ်ပေါင်း ၇၀ ကျော် တိုက်ပွဲဝင်လာတာက အမျိုးသားတန်းတူရေး၊ တရားမျှတရေးနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်အပြည့်အဝရရှိရေး မူကိုကိုင်စွဲပြီးမှ လုပ်တာဖြစ်တယ်။ အဲဒီအတွက်ကြောင့် အကြမ်းဖက်လုပ်ရပ်တွေကျွန်တော်တို့က လုပ်မှာမဟုတ်ဘူး။ အခုကလည်း အရပ်သားတွေစီးလာတဲ့ လေယာဥ်ကိုပစ်တယ်ဆိုတဲ့ မူဝါဒလည်း မရှိဘူး။ လမ်းညွှန်ချက်လည်းမရှိဘူး။ တကယ်လို့ ပစ်ချင်တယ်ဆိုရင် စစ်တပ်ထဲသွားပစ်မှာပေါ့။ လေယာဥ်ကွင်းနဲ့ နီးနီးလေးပဲ’’ ဟု BBC သို့ ဖြေရှင်းငြင်းဆိုမှုအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက အထက်ပါအတိုင်း တုံ့ပြန်ခဲ့ခြင်းဖြစ်သည်။

” သူတို့ကတော့ အကြမ်းဖက်အဖွဲ့တွေပီပီ တာဝန်ယူမှု တာဝန်ခံမှု ရှိမှာမဟုတ်ပါဘူး။ မနေ့ကလည်း ကျွန်တော်ပြောပြီးပါပြီ။ ဖြစ်ခဲ့တဲ့သမိုင်းလေးတွေကြည့်ရင် သိမှာပါ။ ဒီ KNPP နဲ့ PDF တွေက အရင်တုန်းက ဒီလွိုင်ကော်မြို့မှာ မြို့သိမ်းတိုက်ပွဲဆင်နွှဲမယ်ဆိုပြီး တိုက်ပွဲတွေ ဆင်နွှဲခဲ့တဲ့အတွက် ပြည်သူလူထု အမြောက်အများလည်း မြို့ပေါ်ကနေ ထွက်ပြေးတိမ်းရှောင်ရတာရှိတယ်။ အခုနောက်ပိုင်းလည်း တပ်မတော်အနေနဲ့ တည်ငြိမ်အောင်လုပ်ပေးလို့ သူ့မြေနဲ့ သူ့အရပ်နဲ့ ပြန်နေနိုင်ခဲ့တာဖြစ်တယ်။ သို့သော် လွိုင်ကော်မြို့ဘေးပတ်ဝန်းကျင်နေရာတွေ တချို့သောနေရာတွေမှာတော့ သူတို့ဝင်ထွက်သွားလာနေတာတွေရှိတယ်။ ဒါ့အပြင် လွိုင်ကော်လေဆိပ်ကို သူတို့ဘက်ကပဲ ထုတ်ပြန်ချက်အရ လွိုင်ကော်လေဆိပ်ကို ၁၀၇ မမ ဒုံးနဲ့ ပစ်ခတ်တာရှိတယ်။ အရင်ကလည်း သူတို့ကိုယ်တိုင် ပစ်ခတ်ခဲ့တဲ့အတွက် ထုတ်ထားတာဖြစ်တယ်။ ဒီအချိန်မှာ ခရီးသည်လေယာဉ်ကို ပစ်ခတ်တယ်ဆိုတာ နိုင်ငံတကာမှာ ဘယ်နိုင်ငံမှ ဘယ်အဖွဲ့အစည်းကမှ လက်မခံဘူး။ ကြီးမားတဲ့ရာဇဝတ်မှုဖြစ်လို့ ငြင်းဆိုနေတာဖြစ်တယ်။ ကျွန်တော်တို့အနေနဲ့ကတော့ ထိရောက်ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဆောင်ရွက်သွားမှာဖြစ်တယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောကြားသည်။

SAC အနေဖြင့် ထိရောက်ပြင်းထန်သည့် တုံ့ပြန်မှုများဆောင်ရွက်မည်ဟု ပြောဆိုခြင်းနှင့် KNPP အနေဖြင့် ကြီးမားသည့်ရာဇဝတ်မှုကျုးလွန်ခဲ့သည်ဟု ကိုယ်တိုင်သိရှိခြင်းများကြောင့် ခရီးသည်တင်လေယာဉ်ပစ်ခတ်မှုကို လုပ်ဆောင်မှုမရှိကြောင်း ငြင်းဆိုနေခြင်းသာဖြစ်ပြီး KNPP အနေဖြင့် စုံစမ်းစစ်ဆေးမှုပြုရန်လိုပြီး စုံစမ်းစစ်ဆေးခြင်းမပြုဘဲ ငြင်းဆိုနေခြင်း၊ မျက်လုံးပိတ်၊ နားပိတ်နေခြင်းဖြင့် ငြင်းဆိုခြင်းမပြုလုပ်သင့်ကြောင်းလည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက မှတ်ချက်ပြုသည်။

”သူတို့အောက်ခြေမှာရှိတဲ့တပ်တွေ သူတို့ထိန်းကွပ်ထားတဲ့ PDF ဆိုတဲ့ကောင်တွေ ဒါတွေ လုပ်ခဲ့မလုပ်ခဲ့ဆိုတာကို သူတို့အနေနဲ့ စနစ်ကျတဲ့ စုံစမ်းစစ်ဆေးမှုပြုလုပ်ပြီးမှ ဒါတွေပြောလို့ရမယ်။ စနစ်ကျတဲ့စစ်ဆေးမှု ပြုလုပ်ဖို့လိုအပ်တယ်။ ကျွန်တော်တို့ ရှိထားတဲ့အချက်အလက်တွေအရ ဒီလုပ်ရပ်ကို KNPP နဲ့ PDF တွေက ပူးပေါင်းအဖွဲ့တွေမှအပ တခြားသူလုပ်စရာအကြောင်းမရှိဘူးလို့ ပြောချင်ပါတယ်။ တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်” ဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက ဆက်လက်ပြောသည်။

လက်ရှိတွင် သတင်းမှားဖြန့်ဝေသည့် မီဒီယာများက SAC က အရပ်သားလေယာဉ်များသုံး၍ လက်နက်သယ်ဆောင်နေကြောင်း၊ ပစ်ခတ်မှုဖြစ်စဉ်မှာ လေယာဉ်အတွင်းမှဖြစ်ကြောင်း၊ ထိမှန်သူမှာ တပ်ကြပ်ကြီးစာရေးဖြစ်ကြောင်း သတင်းမှားရေးသားဝါဒဖြန့်လာနေသည်။

သို့သော် လက်နက်ကျွမ်းကျင်သူ ဒေါက်တာမင်းဇော်ဦးကမူ အမြင့်ပေ ၃၅၀၀ မှ လေယာဥ်အား လက်နက်ငယ်ဖြင့်ပစ်ခတ်နိုင်ကြောင်း၊ ထိမှန်သည့်သေနတ်ကျည်ရာမှာလည်း ပြင်ပမှပစ်ခတ်ခံရခြင်းဖြစ်ကြောင်း BBC သတင်းဌာနတွင်ပင် “ပေ ၃၅၀၀ ဆိုရင် ကိုက် ၁၀၀၀ လောက်ပဲရှိတာကိုး။ ကိုက် ၁၀၀၀ လောက်ဆိုရင်က နေတိုး ၇.၆၂ ကျည်၊ ၀.၅ လိုဟာမျိုးနဲ့ပစ်ခတ်တယ်ဆိုရင်ရောက်နိုင်ပါတယ်။ လေယာဉ်ကိုယ်ထည်အပေါက်ရာ ဓာတ်ပုံကို ကြည့်ရရင်တော့ အပြင်ကဝင်တဲ့သ‌ဘောပဲ။ ကျည်ဆံရဲ့သဘောက ကျည်ဆံဝင်တဲ့နေရာမှာသံထည်က ကွေးတာကိုး၊ အပြင်ကနေပစ်တယ်ဆိုရင် ကျည်ဆံသွားတဲ့လမ်းကြောင်းအတိုင်း အတွင်းဘက်ကို ကွေးထွက်တယ်” ဟု စစ်လက်နက်ရေးရာကျွမ်းကျင်သူတစ်ဦးဖြစ်သည့် ငြိမ်းချမ်းရေးနှင့် လုံခြုံရေးဆိုင်ရာ မြန်မာအင်စတီကျူ၏ အမှုဆောင်ဒါရိုက်တာ ဒေါက်တာမင်းဇော်ဦးက ရှင်းပြထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *