၂၅. ၁၂. ၂၀၂၂
MT News Editorial

ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ် ဘုရားသွား ကျောင်းတက်တိုင်း ဆဲဆိုရှုတ်ချ အောက်တန်းတကျတိုက်ခိုက်မှုများအပြင် “တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ ဘုရားပိတ်သည်” ဆိုသည့်စာတန်းများကိုင်ဆွဲကာ ဆန္ဒဖော်ထုတ်သော ယုတ်ညံ့သည့် ဆန္ဒပြမှုများ ယနေ့ ခရစ္စမတ်တွင် ဆက်လက်မပေါ်ပေါက်လာဘဲ “တိုင်းပြည်သေဒဏ်သင့်နေသဖြင့် ယနေ့ ချာ့ချ်ပိတ်သည်” ဟု ဆန္ဒပြမှု မရှိသဖြင့် ဝမ်းမြောက်ရပေသည်။

ထို့အပြင် ဗုဒ္ဓဘာသာဝင်များ၏ နေ့ထူးနေ့မြတ်တိုင်း ဗုံးခွဲဖျက်ဆီးမည်။ တိုက်ခိုက်မည်ဆိုသည့် လုပ်ရပ်များနှင့် အားပေးအားမြောက်မှုများလည်း ခရစ္စမတ်နေ့တွင် တွေ့မြင်ရမှုမရှိသဖြင့် ထိုသို့အကြမ်းဖက်လုပ်ရပ်များကို တိုက်တွန်းအားပေးသူများ၏ ဦး​ဆောင်များကို စေ့ငုမိပြန်ပါသည်။

ဗုဒ္ဓဘာသာ ​မြန်မာပြည်ဝယ် ဘာသာကြီးလေးခုရှိချေရာ ရှေးယခင်က ဘာသာတိုင်း၏ နေ့ထူးနေ့မြတ်တိုင်းကို ယခုကာလကဲ့သို့ စော်ကားတိုက်ခိုက်သတ်ဖြတ်မှု လုံးဝ(လုံးဝ) မရှိခဲ့ချေ။

သို့သော် ၂၀၂၁ နွေဦးတော်လှန်ရေးဖြစ်စဥ်ဝယ် နှစ်ဖက်အငြင်းပွားမှုများကြား ဓားခုတ်ရာလက်ဝင်မလျှိုလိုသော သံဃာတော်များက မည်သည့်ဘက်မှ ဝင်မပါချေရာ “၂၀၀၇ ရွှေဝါရောင်သူရဲကောင်းသံဃာများအား ” ဆဲဆိုတိုက်ခိုက်သတ်ဖြတ်မှုများ စတင်လာခဲ့ပေသည်။

ဖြစ်စဥ်များကို ချိန်ဆကြည့်မည်ဆိုပါက ထိုသို့သံဃာတော်များကို ဆဲဆိုတိုက်ခိုက်သတ်ဖြတ်သူများကို ဦး​ဆောင်နေသူများ၏ ထက်ဝက်ခန့်မှာ ဗုဒ္ဓဘာသာဝင်များမဟုတ်ခြင်းကလည်း အဓိကကျမည်ထင်ပါသည်။

မည်သို့ပင်ဆိုစေကာမူ ယနေ့ကာလ ဗုဒ္ဓဘာသာနိုင်ငံတော်တစ်ခုဝယ် ပြည်သူအများကိုးကွယ်သည့် သံဃာတော်များစွာမှာ အာဏာရစဥ်က “နိုင်ငံရေးကို ဘုန်းကြီး ဝင်မရှုပ်နဲ့” ဟု ဟစ်ကြွေးခဲ့ပြီး အာဏာလက်လွှတ်ရချိန်မှ “နိုင်ငံရေးဖြစ်စဥ်မှာ ဘုန်းကြီးဝင်မပါလို့ သတ်သည်” ဟုဆိုသည့် မလိုတစ်မျိုး၊ လိုတစ်မျိုးနှင့် သွေးရိုးသားရိုးစိတ်ဓာတ်မရှိသော လူအများ၏ လက်ချက်ကြောင့် သံဃာတော်အပါး ၇၀ ခန့် ဘဝနိဗ္ဗာန်ပြောင်းရွှေ့စံစားနေကြရပြီဖြစ်သည်ကိုလည်း မည်သူမျှ ငြင်းနိုင်မည်မဟုတ်ပါချေ။

ထိုသို့ဖြစ်ပျက်ခဲ့သော အခြေအနေဆိုးများသည် ယနေ့ကာလတွင် ရပ်တန့်ရန်သင့်ပြီဟု MT News သတင်းဌာနက ယူဆပါသည်။ ထို့ပြင် ပြည်သူများအနေဖြင့်လည်း မိမိဘာသာ၏ နေ့ထူးနေ့မြတ်များတွင် ငြိမ်းချမ်းစွာ နေထိုင်နေသကဲ့သို့ အခြားသောဘာသာဝင်များ၏ နေ့ထူးနေ့မြတ်များတွင်လည်း ဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်း၊ သတ်ဖြတ်ခြင်းများ မပြုလုပ်ပါရန်နှင့် ထိုသို့ ယုတ်ညံ့စွာတိုက်ခိုက်သူများကိုလည်း ရှုတ်ချပြစ်တင်မှသာ မြန်မာပြည်သူများလိုအပ်နေသည့် ဘာသာပေါင်းစုံချစ်ကြည်ရေးနှင့် ပြည်သူများ သင့်မြတ်မှုရရှိလာမည်ဖြစ်ပြီး ထိုသို့ သင့်မြတ်မှုများကသာ မြန်မာနိုင်ငံသွားရောက်သင့်သည့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံ၏ လမ်းကြောင်းမှန်ဖြစ်ပါကြောင်းလည်း MT News သတင်းဌာနက တိုက်တွန်းအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *