၁၀. ၇. ၂၀၂၄
Written by Nay Moe

“ဒီနာမည်နဲ့လူဆိုရင် အပြတ်ရှင်းပစ်”ဟု ညွှန်ကြားကာ SSPP ပစ်သတ်၍ TNLA မှ ပထမတန်း စစ်ဦးစီးအရာရှိတစ်ဦး၊ တပ်ရင်းမှူး ၂ ဦးနှင့် သီပေါမြို့နယ်မှူး အပါအဝင် TNLA တပ်သား ခုနစ်ဦးသေဆုံးခဲ့သည်ဟု TNLA က ဇူလိုင် ၈ ရက် ရက်စွဲဖြင့် ထုတ်ပြန်ထားမှုမှာ ကလေးကလားဆန်သည်ဟု SSPP က ဇူလိုင် ၉ ရက် ရက်စွဲဖြင့် တုံ့ပြန်ထားမှု ယနေ့ထုတ်ပြန်သည်။

ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး(PSLF/TNLA)သည် မြောက်ပိုင်းညီနောင်မဟာမိတ် (MNDAA, AA) တို့နှင့် အတူ ၁၀၂၇ စစ်ဆင်ရေး အပိုင်း-၂ ကို ၂၀၂၄ ခုနှစ် ဇွန်လ ၂၅ ရက်နေ့မှစတင်၍ အကောင်အထည်ဖော်ကာ တိုက်ခိုက်နေစဉ် ရှမ်းပြည်တိုးတက်ရေးပါတီ – SSPP ဗဟို တိုက်ခိုက်မှုကို ကြုံနေရသည်ဟုဆိုပြီး ဇူလိုင် ၅ ရက် နံနက် ၁၁ နာရီခွဲခန့်အချိန်တွင် TNLA စစ်ဆင်ရေး ကြီးကြပ်သည့်အဖွဲ့မှ ကျောက်မဲမြို့၊ နောင်ပိန်အနီး တောင်ခြေစခန်းကို လှည့်လည်ကြီးကြပ်ရန်သွားစဉ် နောင်ပိန်လမ်းခွဲအနီးရှိ SSPP တပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ခြင်းကို ခံခဲ့ရပြီး၊ ထင်မှတ်မထားဘဲ ရက်ရက်စက်စက် ပစ်သတ်ခြင်းခံခဲ့ရကာ ထိုဖြစ်စဉ်တွင် တအာင်းတပ်မတော်၏ စစ်ဦးစီးမှူး၏နာမည် ပြောဆိုသံကြားရကာ “..ဒီနာမည်နဲ့လူဆိုရင် အပြတ်ရှင်းပစ်” ဟူသော စကားပြောစက်မှ အမိန့်ပေးပြီးနောက် စက်သေနတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ထိုပစ်ခတ်မှုတွင် TNLA ၏ စစ်ဆင်ရေးကြီးကြပ်သည့် ပထမတန်း- စစ်ဦးစီးအရာရှိတစ်ဦး၊ တပ်ရင်း (၄၃၄) တပ်ရင်းမှူး၊ တပ်ရင်း(၅၇၇) တပ်ရင်းမှူးနှင့်အတူ တပ်ဖွဲ့ဝင် (၃) ဦး နေရာတွင်ပင် ပွဲချင်းပြီးသေဆုံးသည်ဟု ဆိုသည်။

ထိုနေ့ နေ့လယ် ၁ နာရီခွဲ​ခန့်တွင်လည်း သီပေါ-ကျင်သီတံတားစခန်းမှ ကျောက်မဲမြို့သို့ ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများကိုပို့ဆောင်သည့် TNLA တပ်ဖွဲ့ဝင်များ၏ကားသည် သီပေါမြို့နယ် ကြံခင်း-ရေပူရွာ၊ ဘုန်းကြီးကျောင်း ရှေ့ဖြတ်သန်းစဉ် SSPP တပ်ဖွဲ့ဝင်များက အုတ်တံတိုင်းအကွယ်မှ ပစ်ခတ်တိုက်ခိုက်လိုက်သဖြင့် ကားပေါ်ရှိ TNLA သီပေါမြို့နယ်မှူးနှင့် စစ်သုံ့ပန်းတစ်ဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ TNLA တပ်ဖွဲ့ဝင် တစ်ဦး ဖမ်းဆီးခံခဲ့ရသည်ဟု ပြောသည်။

ထိုပြောကြားမှုများမှာ ကလေးဆန်ကြောင်း၊ SSPP/SSA ဗဟိုခေါင်းဆောင်များပေးသည့်အမိန့်အတိုင်း အောက်ခြေတပ်ဖွဲ့ဝင်များလုပ်ဆောင်နေသည်ဆိုသည်မှာ မှားယွင်းပြီး မဟာမိတ်များအား နှောင့်ယှက်ရန်ခိုင်းစေမထားကြောင်း၊ SSPP နှင့် TNLA ကြား ဇူလိုင် ၅ ရက်က တိုက်ပွဲလေးကြိမ်ဖြစ်ပွားပြီး တိုက်ပွဲအားလုံးမှာ TNLA စတင်ပစ်ခတ်၍ ဖြစ်ကြောင်း၊ TNLA နှင့် SSPP ကြား ဖြစ်ပွားသောတိုက်ပွဲများကို “ဝ”ဦးဆောင်သော FPNCC(ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ)ကို တိုင်ကြားထားသည်ဟုလည်း ပြောသည်။

Leave a Reply

Your email address will not be published. Required fields are marked *