၂၃. ၁၂. ၂၀၂၂
MT News Editorial

သူရဲကောင်းမျှော်ဝါဒကြီးစိုးပြီး ဟန်ဆောင်လုပ်ပြသမျှ အထင်ကြီးတတ်သော ဆန်းစစ်နိုင်မှုအားနည်းသည့် မြန်မာနိုင်ငံဝယ် ခုတုံးလုပ် ကြွယ်ဝလိုသူ များလှပေသည်။

အနည်းငယ်ကောင်းမွန်ပြသည်နှင့် ဘဝရော လူပါ ပစ်၍ပုံအပ်ကြသော လူမျိုးများနေထိုင်ရာနိုင်ငံဖြစ်ပေရာ ထိုအချက်ကို ပစ်မှတ်ထားကာ “ခုတုံးလုပ်”ကြသူများလည်း အလွန်တရာ ပေါများလှပေသည်။

မြန်မာအဘိဓာန်ဝယ်”ခုတုံးလုပ်”ဆိုသည့်အသုံးအား ” ကိုယ်ကျိုးအတွက် သူတစ်ပါးကို အသုံးချသည်” ဟု ဖွင့်ဆိုလေရာ လက်ရှိ မြန်မာနိုင်ငံသည်လည်း နေရာကဏ္ဍစုံဝယ် နိုင်ငံနှင့်ပြည်သူအား ခုတုံးလုပ်ကာ ကြွယ်ဝချမ်းသာသွားသူများစွာ ရှိလာနေသည်ကို တွေ့မြင်ရပေသည်။

ဥပမာအားဖြင့်ဆိုချေသော် “ပြည်သူများ၏ ဖက်ဒရယ်ဒီမိုကရေစီ”လိုချင်သော မျက်ကန်းမျှော်လင့်ချက်များကို ခုတုံးလုပ်ကာ “သူတပါး၏ သားသမီးများနှင့် မိသားစုဘဝကို နင်းချေပြီး မိမိ၏ သားသမီး နိုင်ငံကြီးများတွင် ဘွဲ့ရရေးနှင့် မိမိတို့ မိသားစုဘဝ ကြွယ်ဝချမ်းသာရေးကို ကြိုးပမ်းသွားသူများ” ကိုလည်း ယခုကာလတွင် ဒိဋ္ဌဓမ္မ တွေ့ရသကဲ့သို့ မိမိတို့ဘဝ ဖွံ့ဖြိုးပြီးနိုင်ငံများတွင် အခြေချနိုင်ရန်လည်း ရဲရဲတောက် တော်လှန်ဟန် ပမာပြကာ မိမိသွားလိုသောနိုင်ငံရောက်ကြသည်နှင့်တပြိုင်နက် မည်သည့်အသံမှမထွက်တော့သော “တော်လှန်ရေးခုတုံးလုပ်” အဟုတ်ဉာဏ်ဆင်ယုတ်မာသူများစွာလည်း တွေ့မြင်ရပေသည်။

ထိုနည်းနှင်နှင် မြန်မာပြည်တစ်ခွင်ဝယ် မိမိဘဝတင့်တယ်ရေးအတွက် “တော်လှန်ရေးခုတုံးလုပ်သူများ” ၊ “ပရဟိတခုတုံးလုပ်သူများ”၊ “ယုံကြည်ချက် ခုတုံးလုပ်သူများ”၊ “ငါတို့နိုင်ပြီဟုဆိုကာ စွဲဆောင်ခုတုံးလုပ်သူများ”၊ “ဖက်ဒရယ်ဒီမိုကရေစီ၊ ဒီမိုကရေစီဖက်ဒရယ် ရရှိမည်ဆိုကာ ခုတုံးလုပ်သူများ” များစွာကို ကြုံတွေ့နေရသည့် အခါသမယဖြစ်သကဲ့သို့ ကမ္ဘာ့မျက်နှာစာတွင်လည်း မြန်မာနိုင်ငံကို နင်းချေမွလိုသူများက ခုတုံးဥပဒေပြုကာပင် ငွေထောက်ပံ့ရန်ကြံဆလာသည် တွေ့ရပေသည်။

ယခုရက်ပိုင်းတွင် ဆိုချေက ကုလသမဂ္ဂတွင် မြန်မာနိုင်ငံဆိုင်ရာ ဆုံးဖြတ်ချက်ချလေရာ နိုင်ငံကြီးများ၏ မြန်မာနိုင်ငံကို ချုပ်ကိုင်လိုသော၊ တစ်စစီဖဲ့ထုတ်လိုသော ရည်မှန်းချက်များဖြင့် ဘက်တူရာစုနေသကဲ့သို့ အမေရိကန် NDAA က PDF များကို လက်နက်မဟုတ်သောအကူအညီ ဒေါ်လာသန်းရာချီပေးမည်ဆိုသဖြင့် ထိုဒေါ်လာသန်းရာချီရလိုသူများ၏ အာသာငမ်းငမ်း အားထုတ်မှုများလည်း တွေ့လာရပေသည်။

မြန်မာနိုင်ငံသည် အာဆီယံ၏ ခိုင်းဖတ်မဟုတ်သကဲ့သို့ နိုင်ငံကြီးများ၏ အားပြိုင်ပွဲကြားတွင်လည်း ထိုးကျွေးခံရမည့် နယ်ရုပ်မဟုတ်ပါ။ ထို့အတူ မြန်မာပြည်သူများသည်လည်း NGO များ စဥ်ဆက်မပြတ်ရပ်တည်ရေး ငွေရှာပေးနိုင်သည့် မျောက်များမဟုတ်ပါ။ နိုင်ငံကြီးများနှင့် မျောက်ပြဆန်တောင်းသည့် ထိုသူများဘဝ သာယာရေး မြန်မာနိုင်ငံနှင့် ပြည်သူများအပေါ် “ခုတုံးလုပ်” နင်းချေနေကြသည်များကို သဘောပေါက်ချိန်တန်ပါပြီဟု ပြောပြလိုပါသည်။

မြန်မာနိုင်ငံသည် နိုင်ငံကြီးများ၏ မဟာဗျုဟာအတွက်”ခုတုံး” မဟုတ်သကဲ့သို့ မြန်မာပြည်သူများသည်လည်း ကမ္ဘာအရပ်ရပ်မှ NGO များက လက်ညှိုးထိုး ပိုက်ဆံယူပြနေသည့် ဆန်တောင်းခံသတ္တဝါများမဟုတ်ပါ။ ထို့အတွက် မြန်မာပြည်သူများအနေဖြင့်လည်း လက်ရှိ”ခုတုံးလုပ်” ခံ “မျောက်ပြ ဆန်တောင်း” ခံ ဘဝများမှ ချက်ခြင်း နိုးကြွငြင်းဆန်ပြရန် လိုအပ်နေသောအချိန်အခါ ရောက်ရှိသင့်နေပြီ ဖြစ်ပါကြောင်းလည်း MT News သတင်းဌာနက တိုက်တွန်းနှိုးဆွလိုပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *