လုယက်ခံရသော ရွှေဆိုင်မြင်ကွင်း
MT News
Written by Min Mahar
ပုသိမ်ကြီးမြို့နယ်ရှိ အောင်သပြေရွှေဆိုင်အား လူ ၄ ဦးက သေနတ်ဖောက်ပြီး အနုကြမ်းစီးမှု ဒီဇင်ဘာ ၂၂ ရက်နေ့ နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ မန္တလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ရန်ကင်းတောင်ကျေးရွာအုပ်စု မြို့သာကုန်းကျေးရွာ မန္တလေးနှင့် ပုသိမ်ကြီးသွားကားလမ်းမပေါ်ရှိ “အောင်သပြေ” ရွှေဆိုင်တွင် ဒီဇင်ဘာ ၂၂ ရက် နေ့လယ် ၁ နာရီခွဲဝန်းကျင်က ဆိုင်ကယ် ၂ စီးဖြင့် Mask များတပ်ထားသည့် အမည်မသိလူငယ် ၄ ဦးမှ ဆိုင်ရှေ့သို့ရောက်ရှိလာပြီး လူငယ် ၃ ဦးမှ ဆိုင်ထဲသို့ဝင်လာကာ လူငယ် ၁ ဦးက သေနတ် ၁ ချက်ပစ်ဖောက်၍ ကျန်လူငယ်တစ်ဦးမှ ဓါးမြောင်ဖြင့် ဆိုင်ရှင်နှင့်ဆိုင်ဝန်ထမ်းများ အော်ဟစ်ခြင်းမပြုရန်၊ မည်သူတစ်ဦးတစ်ယောက်မျှ မပြောဆိုရန်နှင့် အခြားလူငယ်တစ်ဦးမှ ဆိုင်ကောင်တာအတွင်းရှိ ရွှေထည်များအား ထည့်ခိုင်းကာ ၁၉ လမ်းအတိုင်း မန္တလေးဘက်သို့ မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။
“လူငယ် ၄ ယောက် ကိုယ်စီ Mask တပ်ထားကြတယ်။ ပြီးတော့ဆိုင်ကယ်ဦးထုပ်တွေလည်း ဆောင်းထားကြသေးတယ်။ သေနတ်တစ်ချက်အရင်ပစ်ဖောက်ပြီး တစ်ယောက်မှ မလှုပ်နဲ့။ မသေချင်ရင် အော်လည်း မအော်ကြနဲ့ပြောပြီး ကျန်တစ်ယောက်က ဆိုင်ကောင်တာထဲက ရွှေတွေအကုန်လုံးယူသွားတာ။ တစ်ယောက်က ဓားမြှောင်ကိုင်ပြီး ပေါက်မလိုဟန်ပြင်ထားကြတာ။ ပြီးတော့ရွှေတွေယူပြီး မန်လေးဘက်ကိုမောင်းပြေးသွားကြတာပဲ” ဟု ဆိုင်ပိုင်ရှင်က ပြောသည်။
၎င်းရွှေဆိုင်မှ ရွှေထည်ရောရာ စုစုပေါင်း ၅၀ ကျပ်သားခန့်၊ ကာလတန်ဖိုးစုစုပေါင်း ကျပ်သိန်း ၁၄၀၀ ခန့် အနုကြမ်းစီးခံရပြီး အခင်းဖြစ်နေရာမှ ကျည်ခွံတစ်ခုတွေ့ရှိကာ သက်ဆိုင်ရာမှ သိမ်းဆည်းသွားသည်။ ပုသိမ်ကြီးမြို့မရဲစခန်းမှလည်း တရားခံများအား ဖမ်းဆီးရမိနိုင်ရေးအတွက် လိုက်လံစုံစမ်းစစ်ဆေးမှုများပြုလုပ်နေကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သူများထံမှ သိရသည်။
