၁၁.၆.၂၀၂၄.
Translated by Htwe Ko Tun

စပိန်နိုင်ငံ၊ မယ်ယောခါကျွန်းမှ ဩစတြီးယားနိုင်ငံ၊ ဗီယင်နာမြို့သို့ ပျံသန်းလာသော အေ-၃၂၀ အမျိုးအစား ခရီးသည်တင်လေယာဉ်တစ်စီးမှာ ဇွန်လ ၉ ရက်က ပြင်းထန်လှသောမိုးသီးများ အတုံးလိုက် လေယာဉ်သို့ရိုက်ခတ်ကာ လေယာဉ်ဦးပိုင်း၊ လေယာဉ်မှူးအခန်းရှေ့ရှိ လေကာမှန်မှာလည်း ကြေမွသွားသည်ထိဖြစ်ခဲ့ရသော်လည်း လေယာဉ်အား လေဆိပ်သို့ အန္တရာယ်ကင်းစွာ ဆင်းသက်နိုင်ခဲ့ကြောင်း သိရသည်။

လေယာဉ်က ဗီယင်နာလေဆိပ်သို့မဆင်းသက်မီ နာရီဝက်ခန့်အလို ပျံသန်းနေစဉ်အတွင်း ဤကဲ့သို့ မိုးသီးများရိုက်ခတ်မှု ကို ခံခဲ့ရခြင်းလည်းဖြစ်သည်။ ထိုဖြစ်ရပ်ကြောင့် လေယာဉ်မှူးမှာ ရှေ့မြင်ကွင်းကိုလည်း ကောင်းစွာမမြင်ရတော့သည့်ကြားမှ လေယာဉ်ကွင်းကို ဆင်းသက်ခဲ့ရခြင်းလည်းဖြစ်သည်။

လေယာဉ်က မွန်းလွဲ ၃ နာရီခွဲတွင် စတင်ပျံတက်လာခဲ့ခြင်းဖြစ်ပြီး ပျံသန်းလာနေစဉ် အစောပိုင်း၌ သာမန်လေတိုက်ခတ်မှုလေးများသာရှိခဲ့ကြောင်း ခရီးသည်များကပြောခဲ့သည်။ သို့သော် ဗီယင်နာလေဆိပ်နှင့်နီးလာချိန်တွင် လေယာဉ်က မိုးသက်မုန်တိုင်းရပ်ဝန်းတစ်ခုကို ဖြတ်၍ပျံသန်းခဲ့ရကာ မိုးသီးများက လေယာဉ်ကို ရိုက်ခတ်ခဲ့သည်တွင် လေယာဉ်မှာ တုန်ခါသွားခဲ့ကာ လေယာဉ်ဦးပိုင်းလေကာမှန်မှာလည်းကွဲကြေသွားခဲ့ခြင်းဖြစ်သည်။

သို့သော်ငြားလည်း ဗီယင်နာလေဆိပ်သို့ရောက်သည်အထိ ဆက်လက်ပျံသန်း၍ ဆင်းသက်ခဲ့ရာတွင် မြေပြင်သို့အဆင်း တစ်စုံတစ်ရာမဖြစ်ခဲ့သော်လည်း ပုံမှန်ကဲ့သို့မဟုတ်ဘဲ ပြေပြစ်မှုမရှိဘဲဖြစ်ခဲ့ကြောင်း ခရီးသည်တစ်ဦးက ပြောခဲ့သည်။

ဓာတ်ပုံများအရလည်း မိုးသီးများပြင်းထန်စွာရိုက်ခတ်မှုကြောင့် လေယာဉ်၏လေကာမှန်ပှာ အစိတ်စိတ် အမြွှာမြွှာကွဲသွားခဲ့ကာ လေယာဉ်ဦးပိုင်းမှာလည်း လုံးဝနီးပါးပျက်စီးခဲ့ရသည်ကို တွေ့ကြရသည်။ ဩစတြီးယားလေကြောင်းလိုင်းကလည်း အေ-၃၂၀ အဲယားဘတ်စ်လေယာဉ်မှာမိုးသီးများရိုက်ခတ်မှုကြောင့် ပျက်စီးခဲ့ရကြောင်း ကြေညာချက်ထုတ်ခဲ့သည်။

Ref- Daily Mail

Leave a Reply

Your email address will not be published. Required fields are marked *