MT News Editorial

၂၀၂၃ ခုနှစ်သည် စစ်ရေး၊ နိုင်ငံရေးအရ အချိုးအကွေ့များမည့်နှစ်ဖြစ်ပြီး တော်လှန်ရေးလမ်းစဉ်တွင် မဟာဗျူဟာအရ မမှားရန်နှင့် နည်းဗျုဟာအားဖြင့် မလွဲချော်စေရန် NUG ၏ ယာယီသမ္မတ ဒူဝါလရှီးလက ယနေ့ပြောလာသည်ကို တွေ့ရပေသည်။

အထူးသဖြင့် SAC က ကျင်းပမည့် ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဟာဗျူဟာအရ မမှားရန်နှင့် နည်းဗျုဟာအားဖြင့် မလွဲချော်စေရန် ပြောကြားမှုဖြစ်ပေရာ ထိုဆိုလိုရင်းမှာ ဒူဝါလရှီးလ ကြုံးဝါးထားသည့် ရွေးကောက်ပွဲမပျက်ပျက်အောင်ဖျက်ရေး မဟာဗျုဟာမမှားစေရေးမှအပ အခြားဖြစ်စရာမရှိပါချေ။

လက်ရှိအခြေအနေတွင် SAC ၏ ရွေးကောက်ပွဲဖြစ်ခြင်း၊ NUG ၏ ရွေးကောက်ပွဲပျက်ခြင်း လမ်းစဉ်နှစ်ခုအနက် နိုင်ငံနှင့် ပြည်သူ လက်ရှိထက်အထိနာကာ ပိုမိုဆိုးရွားမည့် အခြေအနေရောက်မည့်နည်းလမ်းမှာ ရွေးကောက်ပွဲပျက်စီးမှသာ ဖြစ်မည်ဖြစ်ရာ ထိုလမ်းနှစ်သွယ်ကြားဝယ် အထိနာရမည်မှာ နိုင်ငံနှင့် ပြည်သူသာ ဖြစ်ချေသည်။

ရွေးကောက်ပွဲဖြစ်အောင် လုပ်ဆောင်မည်ဆိုသည့် SAC ၏ ရည်မှန်းချက်အား NUG က မဟာဗျုဟာချကာပျက်စီးရန် လုပ်ဆောင်မည်ဆိုပါက ကနဦးတွင် ပြည်သူများ မဲမပေးရဲအောင် လှုံ့ဆော်ခြင်း၊ ခြိမ်းခြောက်ခြင်းများ ပြုလုပ်ရမည်ဖြစ်ကာ ဒုတိယအဆင့်တွင်မူ ရွေးကောက်ပွဲဝင်မည့် ကိုယ်စားလှယ်များ၊ မိသားစုများကို လက်ရှိပုံစံအတိုင်း ခြိမ်းခြောက်သတ်ဖြတ်မှုများ (NUG အနေဖြင့် လူ ၂၅၀၀၀ ခန့် သတ်ဖြတ်ထားဟု NUG ယာယီသမ္မတ ဒူဝါလရှီးလ ပြောကြားထား) ဆက်လက်ပြုလုပ်ရမည်ဖြစ်ပေသည်။

ထိုသို့ NUG အနေဖြင့် ရွေးကောက်ပွဲ မဲမပေးရဲအောင် လုပ်ဆောင်ခြင်း ရွေးကောက်ပွဲမပျက်ပျက်အောင် ဖျက်လိုခြင်းများ ပြုလုပ်မည်ဆိုပါကလည်း ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ မည်ရွေ့မည်မျှမဲပေးမှသာ ရွေးကောက်ခံကိုယ်စားလှယ်ဖြစ်မည်ဆိုသော အချက်မပါဝင်သဖြင့် ရွေးကောက်ပွဲဖြစ်မြောက်လိုသူများက ရွေးကောက်ပွဲမပျက်စေရေး ကြံဆမဲပေးမှုဖြင့်ပင် ပြည်သူများက ရွေးချယ်သော ကိုယ်စားလှယ်များ ပြန်လည်ပေါ်ထွန်းလာမည်ဖြစ်ရာ ကြားထဲမှ ပြည်သူများသာ အချောင်ခံရသည့်အခြေအနေများလည်း ကြုံလာရဦးမည်ဖြစ်ပေသည်။

သို့သော် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီးပြည်နယ်လွှတ်တော်ရွေးကောက်ပွဲ ဥပဒေများတွင် ယခင်က မဲပေးခွင့်ရှိသူ၏ ၅၁ ရာခိုင်နှုန်းအထက် လာရောက်မဲပေးပါက ရွေးကောက်ပွဲအထမြောက်သည်ဟု ပြဋ္ဌာန်းချက်ပါခဲ့ပေသည်။

ပြန်လည်ပြင်ဆင်မည့် ရွေးကောက်ပွဲဥပဒေများတွင် ထိုအချက် ပြန်လည်ပါဝင်လာပါက NUG အနေဖြင့် မဲဆန္ဒနယ်တိုင်းတွင် မဲပေးခွင့်ရှိသူ ၅၀ ရာခိုင်နှုန်းက မဲလာမပေးရေး အားထုတ်ရမည်ဖြစ်ကာ မဲဆန္ဒနယ်တစ်ခုတွင် လူ တစ်သိန်း မဲပေးမည်ဆိုပါက လူ ၅၀၀၀၀ မဲလာမပေးရန် အားထုတ်ရမည်ဖြစ်ပေသည်။

ဥပမာအားဖြင့် ပြည်သူ ၃၈ သန်း မဲပေးခွင့်ရမည့် ၂၀၂၃ PR ရွေးကောက်ပွဲတွင် ၁၉ သန်းတိတိ မဲမပေးရန် အားထုတ်နိုင်မှသာ ရွေးကောက်ပွဲရလဒ်ပျက်ပြားမည်ဖြစ်သည်။ ထိုသို့ ၁၉ သန်း မဲမပေးရန်မှာ NUG အနေဖြင့် ထိုသူများကို ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်းများ ပြုလုပ်ပါကလည်း တားဆီးရမည့် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကို တားဆီးပြရန်ပင် လွယ်မည်မဟုတ်ပါ။

ထို့ပြင် NUG ၏ ရွေးကောက်ပွဲပျက်စေရန် ဖျက်ဆီးမှုကြောင့် အာဏာသုံးရပ်ရယူထားသော SAC က ခြေဥမဖျက်လိုသေးချိန် ရွေးကောက်ပွဲမလုပ်နိုင်သေးချိန်တွင် ပုဒ်မ ၄၂၁ (ခ) အရ သာမန်အားဖြင့် တစ်ကြိမ်လျှင် ခြောက်လအထိ နှစ်ကြိမ်တိုးမြှင့်ခွင့်ကို ”အထူးအားဖြင့်” အခြေအနေဖန်တီးကာ ယခုအတိုင်း အာဏာဆက်ယူနိုင်မည့် အခြေအနေရှိသကဲ့သို့ NUG တိုက်ခိုက်၍ ခြေဥပျက်ပြီဟုဆိုကာ ခြေဥမရှိသော နိုင်ငံ၊ အုပ်ချုပ်သူမဲ့နိုင်ငံအဖြစ်မှ ကာကွယ်ရေးအတွက် ခြေဥရေးဆွဲရန်နှင့် ကာကွယ်ရန်ဟုဆိုကာ နှစ်ရှည်အာဏာထိန်းကျောင်းကာ ခြေဥအသစ်ထပ်မံရေးဆွဲလာသော အခြေအနေကိုလည်း ရင်ဆိုင်ရနိုင်မည်ဖြစ်ပေသည်။

ထိုသို့သော အခြေအနေများ တွေးဆမှုအားနည်းသလို ရွေးကောက်ပွဲမဖြစ်လာပါက ဆက်လက်ဖြစ်ပွားနိုင်သည့် အခြေ အနေဆိုးများကိုလည်း NUG အနေဖြင့် ကာကွယ်တားဆီးရန် လုံလောက်သော အသိဉာဏ်၊ ကြိုမြင်နိုင်သော နှလုံးသား၊ တားဆီးရန် အင်အား၊ ပညာဥာဏ်ပြည့်ဝသော အခြေခံဥပဒေဆိုင်ရာနှင့် နိုင်ငံရေးအမြင် ပြည့်စုံကုံလုံမှုအားနည်းနေသည့်အသွင်သာ တွေ့နေရသဖြင့် မိမိတို့၏ မိသားစုဘဝများ ပြည်ပတွင် သာယာရေးဖြင့်သာ ကျေနပ်သင့်ပါကြောင်းနှင့် ပြည်တွင်း၌ အရာရာပျက်သုဥ်းအောင် လောင်စာမလောင်းသင့်ပါကြောင်း MT News သတင်းဌာနက ထပ်လောင်းတိုက်တွန်းအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *