၂၅. ၅. ၂၀၂၄
Written by KL

ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးမြို့နယ်၊ ဒရယ်ဖိုကျေးရွာ​ ရန်ကုန်-ပဲခူးလမ်းမကြီး တိုးဂိတ်အနီးတွင် မေလ ၂၅ ရက် နံနက် ၄ နာရီခွဲက အမျိုးသား ၃ ဦး လိုက်ပါလာသော မော်တော်ယာဥ်က ရပ်ထားသော ကားကို ဝင်တိုက်ရာမှ ၁ ဦးသေဆုံးပြီး ၂ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ကယ်ဆယ်ရေးဆောင်ရွက်သူများထံမှ သိရသည်။

ဖြစ်စဥ်မှာ ကိုနေမျိုး(၃၀နှစ်)မောင်းနှင်ပြီး ယာဥ်နောက် လိုက်၂ဦးလိုက်ပါလာသော SUZUKI EVERY အမျိုးအစားမော်တော်ယာဥ်မှာ ရဲမွန်ရွာ သားသတ်ရုံမှ လှည်းကူးစျေးသို့ မောင်းနှင်လာစဥ် လမ်းချော်၍ အရှိန်မထိန်းနိုင်ဘဲ ညအိပ်ရပ်နားထားသည့် MAN အမျိုးအစားကားကို ဝင်တိုက်ရာမှ ယာဥ်မောင်း ကိုနေမျိုး သေဆုံးခဲ့ပြီး ယာဥ်နောက်လိုက် ၂ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဆူဇူကီးယာဥ်မောင်းက ကားထဲမှညပ်နေလို့ မနည်းဆွဲထုတ်ရတယ်။ ညာဘက်နားနဲ့ နှာခေါင်းသွေးထွက်ဒဏ်ရာနဲ့ပဲ ဆုံးသွားတယ်။ ယာဥ်နောက်လိုက် ၂ယောက်က ဒဏ်ရာရပေမယ့် မစိုးရိမ်ရပါဘူး”ဟု ကယ်ဆယ်ရေးလုပ်​ဆောင်သူတစ်ဦးက ပြောသည်။

ဒဏ်ရာရရှိသူယာဥ်နောက်လိုက်များ​ဖြစ်သော အသက် ၂၁နှစ်အရွယ် အမျိုးသားတွင် ဘယ်ဘက်ချိုစောင်းပေါက်ပြဲဒဏ်ရာ၊ လက်ကောက်ဝတ်ပေါက်ပြဲဒဏ်ရာရရှိခဲ့ပြီး အသက် ၂၃ နှစ်အရွယ် အမျိုးသားတွင် ဘယ်ဘက်နဖူး ပွန်းပဲ့ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူနှင့် ဒဏ်ရာရရှိသူ ၂ ဦးကို Medical လူငယ်များ လူမှုကူညီရေးအသင်းမှ လူနာတင်ယာဥ်ဖြင့် လှည်းကူးမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *